အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ၂၀၁၈အာရှအားကစားပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ လေးရက်မြောက်နေ့ပွဲစဉ်များကို သြဂုတ်၂၂ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ထိုက်ချိချွမ်ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို က မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ပထမဆုံးဆွတ်ခူးပေးနိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဝူရှူးကစားသမား ငြိမ်းချမ်းကိုကိုသည် တရုတ်၊ တောင်ကိုရီးယား၊ဂျပန် ၊ အိန္ဒိယ၊ဟောင်ကောင်နိုင်ငံများမှ ကစားသမားများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည်။ ပြိုင်ပွဲအပြီးတွင် ငြိမ်းချမ်းကိုကိုသည် ရမှတ် ၉ ဒသမ ၇၁မှတ်ဖြင့် ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ရွှေတံဆိပ်ဆုကို တရုတ်ကစားသမားက ရမှတ် ၉ ဒသမ ၇၆ မှတ်ဖြင့် ဆွတ်ခူးနိုင်ခဲ့ပြီး ငွေတံဆိပ်ဆုကို ဂျပန်ကစားသမားက ရမှတ် ၉ ဒသမ ၇၂ မှတ်ဖြင့် ရရှိခဲ့သည်။ မြန်မာဝူရှူးလက်ရွေးစင်ကစားသမား ခန့်မင်းထက်မှာမှု ရမှတ် ၉ ဒသမ ၄၁မှတ် ရရှိကာ အဆင့် ၁၂နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။
ကျေနပ်ခဲ့ရ
ချမ်းချွမ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်နာမည်ကြီး ဝူရှူးကစားသမား စန္ဒီဦးမှာ အဆင့် ၉နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ အဆိုပါပြိုင်ပွဲတွင် စန္ဒီဦးသည် ရမှတ် ၈ ဒသမ ၇၀ မှတ်သာ ရရှိခဲ့သည်။ ပြိုင်ပွဲ၏ ရွှေတံဆိပ်ဆုကို တရုတ်ကစားသမားက ရမှတ် ၉ ဒသမ ၇၄ မှတ်ဖြင့် ရရှိခဲ့ပြီး ငွေတံဆိပ်ဆုကို မကာအိုကစားသမားက ရမှတ် ၉ ဒသမ ၇၂မှတ်၊ ကြေးတံဆိပ်ဆုကို ဗီယက်နမ်ကစားသမားက ၉ ဒသမ ၇၁မှတ်ဖြင့် ဆွတ်ခူးခဲ့သည်။















