အာရှအားကစားပြိုင်ပွဲ အမျိုးသမီးသုံးယောက်တွဲ အသင်းလိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က ပလန်းဘန်းမြို့၌ ကျင်းပခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁ဝနာရီခွဲက ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် ထိုင်းအသင်းပွဲစဉ်တွင် ထိုင်းအသင်းကို နှစ်ပွဲပြတ်ဖြင့် မြန်မာအသင်း ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။
နှစ်ပွဲပြတ်ရှုံးနိမ့်
မြန်မာအမျိုးသမီးအသင်းသည် အုပ်စုတွင်း၌ နှစ်ပွဲနိုင်၊တစ်ပွဲရှုံးဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်လာခဲ့ပြီး တစ်ဖက်မှ အုပ်စုဗိုလ်ဖြင့် တက်ရောက်လာခဲ့သည့် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် ထိုင်းအသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ တောင်ကိုရီးယားအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့တက်လှမ်းခဲ့သည်။
ပူးတွဲရရှိ
အမျိုးသမီးသုံးယောက်တွဲ အသင်းလိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို သြဂုတ်၂၂ ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး တတိယလုပွဲကိုမှု ယှဉ်ပြိုင်ခြင်းမရှိဘဲ မြန်မာနှင့်တောင်ကိုရီးယားအသင်းတို့က ကြေးတံဆိပ်ဆုကို ပူးတွဲရရှိခဲ့သည်။ အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအားကစားအဖွဲ့ သည် လက်ရှိအချိန်အထိ ဝူရှူးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့မှ ကြေးတံဆိပ်တစ်ခုစီ အသီးသီးဆွတ်ခူးပေးထားသည်။















