ကျောင်သား/သူ များသယ်ဆောင်သည့် ဘော်ဒါဆောင်ယာဉ် တိမ်းမှောက်ကျောင်းသူ တစ်ဦးသေဆုံး ၃၄ ဦး ထိခိုက်ဒဏ်ရာရ

ကျောင်သား/သူ များသယ်ဆောင်သည့် ဘော်ဒါဆောင်ယာဉ် တိမ်းမှောက်ကျောင်းသူ တစ်ဦးသေဆုံး ၃၄ ဦး ထိခိုက်ဒဏ်ရာရ

ညောင်ဦးမြို့နယ် ဥယျာဉ်ရွာ နှင့် ကြအိုကျေးရွာကြား စဉ့်ကူ မိုင်တိုင် ၁၂ အနီးတွင် ကျောင်းသားများ တင်ဆောင်လာသည့် LightTruck ယာဉ်  သြဂုတ် ၂၃ ရက်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူ တစ်ဦးသေဆုံးခဲ့ကာ ၃၅ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ယာဉ်မောင်းကိုရဲတပ်ဖွဲ့က အရေးယူထားတယ်။ မန္တလေးကို လွဲပေးတဲ့ ၂ ယောက်ကလည်း  သိပ်မစိုးရိမ်ရတော့ဘူး လို့ ဆရာဝန်ကြီးပြောတယ်။ ယာဉ်မောင်းက ခါတိုင်းမောင်း နေကြယာဉ်မောင်းမဟုတ်ဘူး၊ လူသစ်လို့ ပြောတယ်" ဟု ညောင်ဦးမြို့  တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် (၁) ဦးဝင်းမြင့်ခိုင် ကပြောသည်။

အဆိုပါနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ညောင်ဦးမြို့နယ် အိုအေစစ်ဘော်ဆောင်မှ ကြအိုကျေးရွာ အထက်တန်းကျောင်းသို့ ကျောင်းတက်ရန် ၉တန်းနှင့်၁၀တန်း ကျောင်းသား/သူ ၃၅ ဦး လိုက်ပါလာသည့် လိုက်ထရပ်ယာဉ် သည် ညောင်ဦး- ချောက်ကားလမ်း စဉ့်ကူ မိုင်တိုင်အမှတ် ၁၂  အရောက် အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

"ကျောင်းကားတိမ်းမှောက်တယ်။ မိန်းကလေး တစ်ယောက် တော့သေသွားတယ်။ မိန်းကလေး တစ်ယောက်ကတော့ ဒဏ်ရာစိုးရိမ်ရတဲ့အတွက်ကြောင့် မန္တလေးဆေးရုံကို လွဲပေးလိုက်တယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့ လူငယ်တွေကိုတော့ ညောင်ဦးဆေးရုံမှာကုသနေတယ်" ဟု ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်မှာ ဥယျာဉ်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ယာဉ်တိမ်းမှောက်မှုက စစ်ဆေးနေတုန်းရှိပါသေးတယ်။ လောလောဆယ် သေဆုံးတဲ့သူနဲ့ မန္တလေး ဆေးရုံပို့လိုက်တဲ့ ကလေး ၂ ယောက်ပါ။ အသေးစိတ်စစ်ဆေးပြီးမှ သတင်းထုတ်ပြန်သွားဖို့ ဆောင်ရွက်နေပါတယ်" ဟု အဆိုပါရဲအရာရှိက ပြောသည်။ အဆိုပါ ဘော်ဒါဆောင်မှ ကလေးငယ်များပို့ဆောင်သည့် ယာဉ်တိမ်းမှောက်မှုတွင် ဖြစ်စဉ်တွင် ယာဉ်နောက်လိုက်ကြီးကြပ်သူ မပါဝင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရသိရသည်။