မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ ၃ တွင်လုယက်မှုဖြစ်

မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ ၃ တွင်လုယက်မှုဖြစ်

ဩဂုတ် ၂၄ ရက် မွန်းတည့် ၁၂ နာရီခန့်က မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် ၃ တွင် ငွေကိုင်ဝန်ထမ်းအမျိုးသမီးကို ဓားဖြင့်ထောက်လုယက်ခဲ့သည်ဆိုသူကို မွန်းလွဲ ၁ နာရီခန့်တွင် ဘဏ်အနီးအနားမှ ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

အဆိုပါနေ့ နံနက် ၁၁ နာရီခန့်တွင် ဦးထုပ်ဆောင်းထားသူ အရပ် ၅ ပေ ၅လက်မခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦး ကမ္ဘောဇဘဏ် ၃ အတွင်းသို့ ဝင်လာပြီး အင်္ကျီအတွင်း ဝှက်ယူလာသည့် အရိုး ၁ ပေခန့်ရှိသည့် စတီးဓါးပြ၍ ခြိမ်းခြောက်ကာ  ကောင်တာ ၂ ရှိ ဘဏ်ဝန်ထမ်း အမျိုးသမီးထံမှ ကျပ် တစ်ထောင်တန် ၃ သိန်း၊ ကောင်တာ ၅ မှ ဘဏ်ဝန်ထမ်းအမျိုးသမီးထံမှ ကျပ်တစ်ထောင်တန် ၂ သိန်း စုစုပေါင်း ကျပ် ငါးသိန်း လုယူထွက်ပြေးသွားကြောင်း အခင်းဖြစ်မှတ်တမ်းများအရ သိရသည်။
လုယူခံရမှုနှင့် ပတ်သက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၏ကြီးကြပ်အမှုဖြင့် စီစီတီဗီမှတ်တမ်းအရ ပြစ်မှုကျူးလွန်သူကို စုံစမ်းခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် ဘဏ်အနီးအနားရှိ ရေနံမြေရပ်ကွက် တနသာရီမြစ်ဆိပ်တွင် ပြစ်မှုကျူးလွန်ခဲ့သူ မြိတ်မြို့နေ မင်းမင်းစိုး (ခ) မင်းစိုးကို ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ည နေ ၃ နာရီတွင် မြစ်ကြီးနား ကမ္ဘောဇဘဏ်တွင် သိန်း ၉၀၀ ကျော် လုယူမှုဖြစ်ပွားခဲ့ပြီး ဘဏ်မန်နေဂျာကို ရိုက်နှက်ကာ စီစီတီဗီ ကင်မရာများကိုလည်း ဖြုတ်ယူမှု ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင်လည်း မြိတ်မြို့ ကန်ဖျားလမ်းမကြီးရှိ ကမ္ဘောဇမီနီဘဏ်ခွဲတွင်လည်း ကျပ်သိန်း ၂၇၀ ပါ ငွေထုပ်ကို ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသည့် သေနတ်သမားက လုယူမှု ဖြစ်ပွားခဲ့ဖူးသည်။
လတ်တလောဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။