တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် CFA အသက် ၂၁နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် ပဏာမရွေးချယ်ထားသော ကစားသမား ၂၆ဦးထဲမှ အပြီးသတ်ကစားသမားစာရင်းကို သြဂုတ်၂၇ရက်တွင် ခြေစမ်းမည့် မကွေးအသင်းနှင့်ပွဲအပြီး၌ ထုတ်ပြန်မည်ဟု အသင်းလက်ထောက်နည်းပြ ဦးချစ်နိုင်က ထုတ်ဖော်ပြောဆိုသည်။
ခေါ်ယူခွင့်ပြု
ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများကို ကစားသမား ၂၂ဦးအထိ ခေါ်ယူခွင့်ပြုထား၍ မြန်မာယူ-၂၁အသင်းသည် တရုတ်နိုင်ငံသို့ အပြီးသတ်ကစားသမား ၂၂ ဦးခေါ်ယူသွားမည်ဖြစ်သည်။ " ပဏာမရွေးချယ်ထားတဲ့ ကစားသမား၂၆ဦးထဲက အပြီးသတ်စာရင်းကို သြဂုတ် ၂၇ရက်နေ့ ညနေပိုင်းမှာ ခြေစမ်းမယ့် မကွေးအသင်းနဲ့ပွဲအပြီးမှာ ရွေးချယ်သွားမှာပါ။ပြိုင်ပွဲကို ကစားသမား ၂၂ဦးခေါ်ခွင့်ရှိတယ်ဆိုတော့ ၂၂ ဦးစလုံးခေါ်ယူသွားမှာပါ " ဟု ဦးချစ်နိုင်က ပြောဆိုသည်။
ရှုံးနိမ့်ခဲ့
ပဏာမမြန်မာယူ-၂၁အသင်းသည် ဖိတ်ခေါ်ပြိုင်ပွဲမယှဉ်ပြိုင်မီ ပြည်တွင်း၌ ခြေစမ်းပွဲသုံးပွဲကစားမည်ဖြစ်ပြီး သြဂုတ် ၂၅ရက်က ပထမခြေစမ်းပွဲအဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် ခြေစမ်းခဲ့ရာ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းခြေစမ်းပွဲတွင် ယူ-၂၁တိုက်စစ်မှူး အောင်ကောင်းမာန် လက်မောင်းရိုးကျိုးဒဏ်ရာရရှိခဲ့၍ အပြီသတ်လူစာရင်း၌ ပါဝင်နိုင်မည်မဟုတ်တော့ကြောင်း သိရသည်။
ထွက်ခွာမည်
" ကျွန်တော့်စိတ်ကြိုက်ရွေးချယ်ထားတဲ့ အောင်ကောင်းမာန်က ဧရာဝတီနဲ့ပွဲမှာ လက်မောင်ရိုးကျိုးသွားတော့ အပြီးသတ်လူစာရင်းမှာ မပါနိုင်တော့ပါဘူး။ နောက်ထပ် စိတ်ကြိုက်ရွေးထားတဲ့ စအောင်ပြည့်ကိုကလည်း ဒဏ်ရာရှိနေတော့ သူလည်းအပြီးသတ်စာရင်းမှာ မပါနိုင်တော့ပါဘူး" ဟု ဦးချစ်နိုင်က ဖွင့်ဟခဲ့သည်။ ပဏာမမြန်မာယူ-၂၁အသင်းသည် မကွေးအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် သြဂုတ် ၃၀ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်နှင့် ခြေစမ်းဦးမည်ဖြစ်ပြီး စက်တင်ဘာ ၂ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာ၄ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအပါအဝင် တရုတ်ယူ-၂၁၊ ဥဇဘတ်ကစ္စတန်ယူ-၂၁၊ကာဂျစ္စတန်ယူ-၂၁အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။















