အိမ်ရှင်အဖြစ်ကျင်းပမည့် ဆူဇူးကီးပွဲစဉ်အား မန္တလေးမြို့၌ ကျင်းပခွင့်ရရှိ ကျင်းပခွင့်ကုန်ကျစရိတ်များပါက အခက်အခဲရှိနိုင်ဟု ဦးကိုကိုသိန်းဖွင့်ဟ

အိမ်ရှင်အဖြစ်ကျင်းပမည့် ဆူဇူးကီးပွဲစဉ်အား မန္တလေးမြို့၌ ကျင်းပခွင့်ရရှိ ကျင်းပခွင့်ကုန်ကျစရိတ်များပါက အခက်အခဲရှိနိုင်ဟု ဦးကိုကိုသိန်းဖွင့်ဟ

၂၀၁၈ခုနှစ် ဆူဇူးကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် အုပ်စုပွဲစဉ်နှစ်ပွဲအနက် တစ်ပွဲအား မန္တလေးမြို့၌ လက်ခံကျင်းပခွင့်ရရန် အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တင်ပြခဲ့ရာ လက်ခံကျင်းပခွင့်ပြုခဲ့ပြီဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

အခက်အခဲရှိနိုင်

ယခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် ဆူဇူးကီးဖလားပြိုင်ပွဲမှစတင်၍ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အုပ်စုပွဲစဉ်နှစ်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်ပြီး ကျန်နှစ်ပွဲကို အဝေးကွင်းသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အိမ်ရှင်အဖြစ်ကျင်းပခွင့်ရမည့် ပွဲစဉ်နှစ်ပွဲအနက် တစ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ကျန်ရှိသည့်တစ်ပွဲကို မန္တလေးမြို့၌ ကျင်းပခွင့်ရရန် အဆိုပါအစည်းအဝေး၌ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်သည်။ သို့သော် မန္တလေးတွင်ကျင်းပမည့် ပွဲစဉ်အတွက် LGS ပြိုင်ပွဲစပွန်ဆာ အမှတ်တံဆိပ်ကုန်ကျစရိတ်ကို အိမ်ရှင်နိုင်ငံဘက်က ကျခံရမည်ဖြစ်၍ ကုန်ကျစရိတ်များလွန်းပါက အခက်အခဲရှိနိုင်ကြောင်း ဦးကိုကိုသိန်းက ဖွင့်ဟခဲ့သည်။

ဆုံးဖြတ်သွားမည်

" မန္တလေးမှာလုပ်မယ့်ပွဲအတွက် ပြိုင်ပွဲစပွန်ဆာအမှတ်တံဆိပ်ကုန်ကျစရိတ်ကို စောင့်ကြည့်ရမှာပါ။ ကုန်ကျစရိတ်များလွန်းရင်တော့ မန္တလေးမှာ ကျင်းပဖို့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အခက်အခဲရှိနိုင်ပါတယ်။ ရန်ကုန်မှာ ကျင်းပရင်တော့ LGS နဲ့ ပတ်သက်တဲ့ အမှတ်တံဆိပ်ကုန်ကျစရိတ် ပေးစရာမလိုဘူး။ ကွင်းအတွင်း A Board ချတဲ့ကုန်ကျစရိတ်၊ ကင်မရာရိုက်ကူးရေးအတွက် လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုကုန်ကျစရိတ်အားလုံးကို ကျွန်တော်တို့ဘက်က ကျခံပေးရမှာပါ။ ခန့်မှန်းကုန်ကျစရိတ်တော့ မသိရသေးဘူး။ LGS ဘက်ကနေ ကုန်ကျစရိတ်ကို တစ်ပတ်အတွင်း အကြောင်းကြားလာပါမယ်။ အဲဒီအပေါ် မှာလက်ခံကျင်းပသင့်၊မသင့်ကို ဆုံးဖြတ်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။

မူတည်လျက်ရှိ

ဆူဇူးကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုတွင်း၌ ဗီယက်နမ်၊မလေးရှား၊ ကမ္ဘောဒီးယား၊လာအိုအသင်းတို့နှင့်အတူကျရောက်လျက်ရှိပြီး နိုဝင်ဘာ ၁၂ရက်တွင် ယှဉ်ပြိုင်မည့် ကမ္ဘောဒီးယားပွဲစဉ်နှင့် နိုဝင်ဘာ ၂၀တွင်ကျင်းပမည့် ဗီယက်နမ်အသင်းပွဲစဉ်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည်ဖြစ်သည်။ ယင်းပွဲစဉ်နှစ်ပွဲအနက် တစ်ပွဲကိုမန္တလေးမြို့၌ ကျင်းပခွင့်ရရန်မှာ ဆူဇူးကီးပြိုင်ပွဲအား မှုပိုင်ထုတ်လွှင့်ခွင့်ရရှိထားသည့် Lagardere ကုမ္ပဏီက အကြောင်းပြန်ကြားမည့် ကုန်ကျစရိတ်အပေါ်တွင် မူတည်လျက်ရှိနေသည်။



ဖတ်ရှုမှုအများဆုံး