သပိတ်ကျင်းမြို့နယ်တွင် သခွားမွှေးသီးများဖြင့် ရောနှောထည့်ထားသည့် စိတ်ကြွဆေးပြားများကို သြဂုတ် ၂၅ ရက်နေ့၌ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာ၊ သစ်ခွဲ ပင်ဆိပ်တွင် မိုးမိတ်မှတွင်းငယ်ဘက်သို့ သပိတ်ကျင်းမြို့နယ်နေ ကျော်ဆန်းဝင်း(ခ)ဆန်းဝင်း (၃၂ နှစ်) မောင်းနှင်လာသည့် ဆိုင်ကယ်ကို မူးယစ်တပ်ဖွဲ့စု(၁၆)မှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ အဆိုပါဆိုင်ကယ်ရှေ့ ခွကြားမှ စိမ်း/ဝါရောင်ဆာလာ အိတ်တစ်အိတ်အတွင်း သခွားမွှေး သီးများနှင့် ရောလျက် အဖြူရောင်ကြွပ်ကြွပ်အိတ်အတွင်း အပြာရောင်ပလပ်စတစ် တစ်အိတ်လျှင် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ ပြားစီပါ ၁၀ အိတ်၊ စုစုပေါင်းဆေးပြား ၂၀ဝ၀ ပြားကို တွေ့ရှိ သိမ်းဆည်းရမိသောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ သပိတ်ကျင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။

















