မူးယစ်ဆေးဖမ်းသူ ရဲကို ရဲဒင်းနှင့်ခုတ်ရန် အားထုတ်သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရ

မူးယစ်ဆေးဖမ်းသူ ရဲကို ရဲဒင်းနှင့်ခုတ်ရန် အားထုတ်သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရ

ဗန်းမောက်မြို့နယ်ရှိ လယ်တဲတစ်ခုအတွင်း မူးယစ်သတင်းအရ ဝင်ရောက်ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင်ကို ပြစ်မှုကျူးလွန်သူက ရဲဒင်းနှင့်ခုတ်ရန် အားထုတ်ခဲ့သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါတဲအတွင်းမှ ဘိန်းဖြူနှင့် တူမီး သေနတ် ၂ လက်တို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း သြဂုတ် ၂၆ ရက်နေ့က ဗန်းမောက်မြို့ မရဲစခန်းမှ သိရသည်။ သြဂုတ် ၂၅ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင် ဗန်းမောက်မြို့နယ်တောင်ပိုင်း သောင်ကြီးကျေးရွာ အရှေ့ဘက် တောင်ချောင်းအနီးရှိ ဦးမန်ရှင်း၏လယ်တောတဲအတွင်း မူးယစ်သတင်းအရ ဗန်းမောက်မြို့မရဲစခန်းမှ ဒုရဲအုပ်စိုးဝင်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ တို့ပါဝင် သည့် ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေခဲ့သည်။

အဆိုပါတဲအတွင်း မန်ရှင်း(၃၁ နှစ်)နှင့်အောင်တုတ်(၃၅ နှစ်)တို့နှစ်ဦးကိုတွေ့ရှိရပြီး တဲပေါ်တက်လာသူ ရဲတပ်ဖွဲ့ဝင် မြတ်သူအောင်ကို အောင်တုတ်က အရိုးအသွား ၃ ပေခန့်ရှိ ရဲဒင်းဖြင့် ခုတ်ရန် ပြေးလာသောကြောင့် မြတ်သူအောင်က ၎င်း၏ လက်တွင်ကိုင်ဆောင်ထားသောMA-13 သေနတ်ဖြင့် ကျည်တစ်တောင့် ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်ခဲ့ရာ အောင်တုတ်၏ ဝဲဘက် ဝမ်းဗိုက်အရှေ့ဘက်တွင် ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့သည်။ တဲပေါ်ရှိ ၄င်းတို့ ၂ ဦးထိုင်နေသည့် နေရာမှ အရှည်(၅)ပေခန့်ရှိ တူမီးလုပ်သေနတ် ၁ လက်နှင့် (၄ )ပေ( ၆ )လက်မခန့်ရှိ တူမီးလုပ်သေနတ် ၂ လက်၊ ဘိမ်းဖြူ ဟုယူဆရသောအရာ အနည်းငယ်နှင့် ဆေးထိုးအပ်တပ်ထားသည့် စလင်းတစ်ခု၊ ခြင်တွယ်ရာတွင် အသုံးပြုသော အစိမ်းရောင် ဂက်စ်မီး ခြစ်အပိုင်းတစ်ခု ၊ ချည်လွယ်အိတ် ၁ လုံး၊ အရိုးအသွား (၃ )ပေခန့်ရှိ ဓားဦးချွန် ၁လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ ဒဏ်ရာရရှိသူ အောင်တုတ်ကို ဆေးရုံသို့ပို့ဆောင်ကုသခဲ့ပြီး ၄င်းတို့ ၂ ဦးကို ဗန်းမောက်မြို့မရဲစခန်းက မယ( ပ )၇၇/၁၈ မူး/စိတ်ပုဒ်မ ၁၆ (ဂ)/ ၂၁ /၂၂ (ခ) အရလည်းကောင်း၊ ဗန်းမောက်မြို့မရဲစခန်းက (ပ) ၆၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၇ အရ လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားသည်။