ရိုက်တာသတင်းထောက်နှစ်ဦး အမှုအပြီးသတ်အမိန့်ချရန် ရက်ရွှေ့ဆိုင်း

ရိုက်တာသတင်းထောက်နှစ်ဦး အမှုအပြီးသတ်အမိန့်ချရန် ရက်ရွှေ့ဆိုင်း

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယနေ့တွင် အပြီးသတ် အမိန့်ချရန် ကနဦး ရက်သတ်မှတ်ထားသော်လည်း စက်တင်ဘာလ ၃ ရက်နေ့သို့ ရက်ရွှေ့ဆိုင်းခဲ့သည်။ 

ရိုက်တာသတင်းထောက် ၂ဦး၏ တရားစွဲဆိုခံထားရသော အမှုနှင့်ပတ်သတ်၍ အစိုးရအမှုစစ်အရာရှိများနှင့် သတင်းထောက်များ၏ ရှေ့နေတို့က အပြီးသတ်လျှောက်လဲချက်များကို သြဂုတ်လ ၂၀ရက်နေ့တွင်ပေးခဲ့ပြီး တရားသူကြီးမှ အပြီးသတ်အမိန့်ကို နောက်တစ်ပတ်အကြာ (သြဂုတ်လ ၂၇ရက်နေ့) တွင် ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် တရားသူကြီး၏ ကျန်းမာရေး အခြေအနေကြောင့် ယနေ့ (သြဂုတ်လ ၂၇ရက်) တွင်တရားရုံးသို့ လာရောက်နိုင်ခဲ့ခြင်းမရှိသလို အမိန့်ချမှတ်ခဲ့ခြင်းလည်း မရှိပေ။ 

"တရားသူကြီးက ၂၄ ရက်နေ့ကတည်းက ဖျားနေတယ် ကြားတယ်။ အဲ့တာကြောင့် ရုံးတောင်မတက်နိုင်လို့  အမိန့်မချနိုင်တာလို့ပြောတယ်" ဟု ရိုက်တာသတင်းထောက်များရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ 

ထိုသို့ရက်ရွှေ့ဆိုင်းလိုက်သော်လည်း အကောင်းဆုံးအလှည့်အပြောင်းကို ဆက်လက်မျှော်လင့်ဆဲဖြစ်သည်ဟု ဦးခင်မောင်ဇော်ကပြောသည်။ 

ရိုက်တာသတင်းထောက်တစ်ဦးဖြစ်သူ ကိုကျော်စိုးဦးက အမှန်တရားပေါ်ပေါက်မည်ဟု ယုံကြည်ကြောင်း ရုံးထုတ်အပြီးတွင် ပြောသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး