မြိတ်မြို့နယ်တွင် ဖခင်ပြောဆိုဆုံးမမှုကို မကျေနပ်သဖြင့် ငှက်ကြီးတောင်ဓားဖြင့် ခုတ်ရန် အားထုတ်သူ သားကို ဖခင်က တံခါးမင်းတုပ်ဖြင့်ရိုက်စဉ် သေဆုံးခဲ့မှု သြဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၄ နာရီ အချိန်ခန့်က မြိတ်မြို့ပါရမီ ၂ ရပ်ကွက် အဏ္ဏဝါလမ်းသွယ်နေ ဦးစိုးလွင်(ခ)ဦးအာလစ်သည် နေအိမ်အပေါ်ထပ်တွင် ရှိနေစဉ် နေအိမ်အောက်ထပ်ရှိသားဖြစ်သူ အေးနိုင်(ခ)မတ်ရှာဖီက ပရိဘောဂတချို့နှင့်ဆိုင်ကယ်တို့ကို ငှက်ကြီးတောင်ဓားဖြင့်ခုတ်ကာ ဖျက်ဆီးခဲ့ပြီး ကလေးများကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ကလေးများကိုမရိုက်နှက်ရန် ဦးစိုးလွင်က ပြောဆိုဆုံးမစဉ် အေးနိုင်(ခ)မတ်ရှာဖီက ၎င်းနေထိုင်သည့် အိမ် အပေါ်ထပ်သို့တက်ကာ ဆဲဆိုကြိမ်းမောင်းပြီး ဓားရှည်ဖြင့်ခုတ်ရန်အားထုတ်စဉ် ဦးစိုးလွင်က အနီးရှိ တံခါးမင်းတုပ်ဖြင့် ရိုက်ခဲ့ခြင်းဖြစ်သည်။
'' ဆေးကြောင်ကြောင်ပြီး အိမ်ကပစ္စည်းတွေကို ငှက်ကြီးတောင်ဓားနဲ့လိုက်ခုတ်၊ ကလေးတွေကို လည်းရိုက်တယ်။ အဖေကိုဓားနဲ့ပြန်ခုတ်ဖို့ ကြိုးစားတဲ့ အချိန်မှာ သူ့အဖေက တံခါးမင်းတုပ်သစ်သားတန်းနဲ့ရိုက်လိုက်လို့ သေတယ်လို့သိရတယ်" ဟု အိမ်နီးနားချင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
တံခါးမင်းတုပ်ဖြင့် အရိုက်ခံရသူ အေးနိုင်(ခ)မတ်ရှာဖီတွင် ဝဲဘက်ဦးခေါင်းနောက်စေ့ဖူး ရောင် ပေါက်ပြဲဒဏ်ရာ၊ဝဲဘက်ပါးပြင်ညိုမဲဒဏ်ရာနှင့် ဝဲဘက်နားသွေးထွက်ဒဏ်ရာများဖြင့် သတိမေ့သွားရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
'' အသင်းကို အကြောင်းကြားလို့ ကလေးတွေ သွားပြီး လူနာတင်ယာဉ်နဲ့ သွားသယ်ကြတယ်။ ဆေးရုံ အရေးပေါ်ရောက်ပြီး ဆရာဝန်တွေက စစ်ဆေးတော့မှ သေဆုံးနေတယ်ဆိုတာ သိရတယ်။ ခေါင်းမှာ လည်းထိခိုက်ပေါက်ပြဲဒဏ်ရာတွေ တွေ့ရတယ်"ဟု မြိတ်မြို့ချမ်းမြေ့အထောက်အကူပြု အသင်း ကော်မတီဝင် ဦးအေးဝင်းက ပြောသည်။
ဒဏ်ရာရရှိသူကို မြိတ်မြို့ချမ်းမြေ့ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့် မြိတ်ပြည် သူ့ဆေးရုံ သို့ပိုဆောင်စဉ် ရရှိဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပြီး မြိတ်မြို့မရဲစခန်းက သေဆုံးမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

















