မြင်းခြံမြို့ အမှတ် ၈ ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ Five Star CP ကြက်ကင်ဆိုင် တွင်လက်ဆွဲမီးစက်ကို နှိုးရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မြင်းခြံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
သြဂုတ် ၂၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်နေသူတစ်ဦးပိုင်ဆိုင်သည့် Five Star CP ကြက်ကင်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင် မှုကြောင့် ကြက်ကင်ဆိုင်အနီးရှိ လျှပ်စစ်ပစ္စည်းဆိုင်၊ ဖုန်းဆိုင်၊အဝတ်အထည်ဆိုင်အပါအဝင် လူနေထိုင်ခြင်းမရှိသည့် ပျဉ်ထောင်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
" မြင်းခြံခရိုင်ထဲမှာရှိတဲ့ မီးသတ်စခန်းတွေကနေ မီးသတ်ယာဉ်(၁၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ ပုဂ္ဂလိကပိုင်ရေသယ်ယာဉ်(၇)စီးနဲ့သံမဏိစက်ရုံမှ မီးသတ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ ၁၅၀ တို့နဲ့ မီးငြှိမ်းသတ်ခဲ့ပါတယ်။ ည ၁၁ နာရီခွဲမှာ မီးငြိမ်းခဲ့တယ်" ဟု မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ ကြက်ကင်ဆိုင်တွင် အသုံးပြုသည့် လက်စွဲမီးစက်နှိုးရာမှ အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၄၉၂၀ဝ၀ဝ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မီးအားပေါ့ဆစွာ သုံးစွဲသူ CP ကြက်ကင်ဆိုင်မှ ဦးစီးလုပ်ကိုင်သူကို မြင်းခြံမြို့မရဲစခန်းက (ပ) ၄၉၉/၁၈၊ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။
















