မူလတန်းလွန်ကျောင်းမှ ငွေခိုးယူပြီး ကျောင်းအတွင်းမိုင်းထောင်ထားကြောင်း ခြိမ်းခြောက်သူကို စုံစမ်း

မူလတန်းလွန်ကျောင်းမှ ငွေခိုးယူပြီး ကျောင်းအတွင်းမိုင်းထောင်ထားကြောင်း ခြိမ်းခြောက်သူကို စုံစမ်း

မော်လမြိုင်မြို့  မုပွန်မြို့နယ်ရှိ မူလတန်းလွန်ကျောင်းအတွင်းမှ ငွေကြေးခိုးယူခံခဲ့ရပြီးနောက် ကျောင်းအတွင်းမိုင်းထောင်ထားကြောင်း ခြိမ်းခြောက်ရေးသားခဲ့မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက သြဂုတ် ၂၇ ရက်နေ့တွင် မိုင်းရှင်းလင်းမှု ဆောင်ရွက်ခဲ့ရကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။ 

ကျောင်းပိတ်ခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့တွင် သီရိမင်္ဂလာရပ်ကွက် အမှတ် (၂ )သီရိမြိုင် မူလတန်းလွန်ကျောင်းရှိ ဆရာမတစ်ဦးသိမ်းဆည်းထားသည့် ငွေကျပ် ၅ သိန်းမှာခိုးယူခံရပြီး တတိယတန်းစာသင်ခန်း၏ ဝှိုက်ဘုတ်နံရံပေါ်တွင် ''ငါတို့မိုင်းဆင်ထားတယ်'' အစရှိသည့် ခြိမ်းခြောက်စာကို ယနေ့ သြဂုတ် ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆရာမများကတွေ့ရှိခဲ့သည်။ ထို့နောက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ 
အဆိုပါရေးသားထားသည့် စာတွင် " သြဂုတ် ၂၇ ရက်နေ့ ၁၁းဝ၀း၁၅ သေမယ် ။ သေချင်ရင် ဒီကျောင်းဖွင့်ထား၊ ရှင်ချင်ရင် ဒီကျောင်းပိတ်နော် ကျောင်းအုပ်ကို ပြောလိုက် ပိုက်ဆံမရှိလို့ ဒီလို လုပ်တာ နောက်ခါပိုက်ဆံထည့်ထား မထည့်ရင်သေမယ် ၊ ငါက လစ်ရင် လစ်သလိုသတ်မှာကွ " ဟု ရေးသားထားသည်။ 
" မုပွန်ရဲစခန်းအပိုင်မှာဖြစ်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်ဖွဲ့ဝင်တွေ စာသင်ကျောင်း ခန်းတွေရော ကျောင်းဝန်းထဲမှာပါ မိုင်းရှင်းကိရိယာတွေအပြင် မိုင်းရှာခွေးတွေကို အသုံး ပြုပြီး ရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ပြီးပါပြီ" ဟု မော်လမြိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 
ကျောင်းဝင်းအတွင်း ဓာတ်ဆီများဖျန်းထားသည်ဟု သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ "ဓာတ်ဆီဖျန်းထားတယ်ဆိုတာ မဟုတ်ဘူး။ စားဆီတွေ ဖျန်းထားတဲ့ ကော်ဗူးခွံတစ်လုံးကို တွေ့ရတယ်" ဟု မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေးက ပြောသည်။
အဆိုပါ မိုင်းထောင်ထားတယ် ဆိုသည့် သတင်းနှင့်ပတ်သက်၍ ကျောင်းတက်ရောက်နေသည့် ကလေးငယ်များကို မိဘများက စိုးရိမ်သဖြင့် ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ငွေကျပ် ၅ သိန်းခိုးယူခံရမှုအပြင် ခြိမ်းခြောက်ခဲ့သည့် စာနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။