ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်တွင် ရှေ့နေအမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံး

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်တွင် ရှေ့နေအမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံး

တပ်ကုန်းမြို့  ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်တွင် ရှေ့နေအမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့မှုကို သက်ဆိုင်ရာကအမှုဖွင့်စုံစမ်းလျက်ရှိကြောင်း တပ်ကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက သြဂုတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ယနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် တပ်ကုန်းမြို့ ရှောက်ကုန်းလမ်းခွဲတောင်ဘက် နွယ်ရစ်ဆီဆိုင် အနီးတွင် ရှေ့နေအမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေကြောင်းသတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါနေရာတွင် တွေ့ရသည့် ရှေ့နေအမျိုးသမီးမှာ ကံလှအုပ်စု ရွှေစုကျေးရွာနေ မစုရည်ဖြိုး(ခ)မဘုတ်မ (စိစစ်ဆဲ)ဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရသည်။ 
သေဆုံးသူအနီးလဲကျနေသည့် ၄င်း၏ ဆိုင်ကယ်ကိုတွေ့ရှိခဲ့ရပြီး အလောင်းကို သက်ဆိုင်ရာက တပ်ကုန်းဆေးရုံသို့ပို့အပ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 
သေဆုံးသူ အမျိုးသမီး၏ ယောကျာ်းဖြစ်သူက သတ်သွားသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်တွင် ထွက်ပေါ်နေမှုနှင့်ပတ်သက်၍'' လောလောဆယ် တရားခံကို ဖမ်းဆီးဖို့ စုံစမ်းနေပါတယ်။ ကျန်တာကတော့ ပြောလို့မရသေးပါဘူး" ဟု တပ်ကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးမှုနှင့်ပတ်သက်၍ တပ်ကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။