ထန်းတပင်မြို့နယ်တွင် စိတ်ကြွဆေးပြားများဖြန့်ဖြူးရောင်းချသူ ထံမှ ဆေးပြား ၈ ထောင်ကျော်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သြဂုတ် ၂၇ ရက်နေ့က သတင်းထုတ်ပြန်သည်။
သြဂုတ် ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်အချိန် တောင်ငူခရိုင် ထန်းတပင်မြို့နယ် နတ်ရွာကျေးရွာ ထန်းတပင်-ဇရပ်ကြီး ကာလမ်းဘေးရှိ စားသောက်ဆိုင်အနီးတွင် မူးယစ်သတင်းအရ ဇရပ်ကြီးမှ ထန်းတပင်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။ အဆိုပါဆိုင်ကယ် စီးနင်းလာသူမှာ ထန်းတပင်မြို့နယ်နေ ခွန်စိုးနောင်၊ (၄၅)နှစ်ဖြစ်ပြီး ၄င်းဝတ် ဆင်ထားသည့် ပုဆိုးနှင့် ဆိုင်ကယ် ဘောက်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင်နှင့်အစိမ်းရောင် စုစုပေါင်း (၆၂၆၁)ပြား ကာလတန်ဖိုး ၃၁၃၀၅၀ဝ၀၊ ငွေစက္ကူရောရာ ၂၆၀ဝ၀ ၊ လက်ကိုင်ဖုန်း (၁)လုံး တို့ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ထန်းတပင်မြို့မရဲစခန်းက မယ(ပ)၁/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူခဲ့သည်။ ခွန်စိုးနောင်ကို စစ်ဆေးချက်အရ ထန်းတပင်မြို့နယ် မိုးကောင်းကျေးရွာအုပ်စု နှစ်တန်ကူး ကျေးရွာရှိ ၄င်းနေအိမ်ကို ဆက်လက်စစ်ဆေးခဲ့ရာ TOYOTA AD VAN KYH- FF/8368 နံပါတ်တပ် ယာဉ်တစ်စီးနှင့်အတူ နေအိမ်အပေါ်ထပ်တွင် မင်းမင်းထွန်း၊ ခွန်မောင်ရဲ၊ ခွန်မောင်ထွန်း တို့ (၃)ကို တွေ့ရှိရပြီး ယာဉ်ပေါ်မှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင် (၂၀၆၇)ပြား ကာလတန်ဖိုး ၁၀၃၃၅၀ဝ၊ ငွေစက္ကူရောရာ ၈၄၁၀ဝ ၊ လက်ကိုင်ဖုန်း (၂)လုံး၊ မော်တော်ယာဉ် (၁)စီး တို့ကို တွေ့ရှိ သိမ်းဆည်းခဲ့သည်။
ဇရပ်ကြီးနယ်မြေရဲစခန်းက မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းလျက်ရှိသည်။

















