မင်္ဂလာတောင်ညွှန့် မြို့နယ် စက်ဆန်းရပ်ကွက်တွင် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာ များဖြင့်သေဆုံးခဲ့သည်ဆိုမှုမှ ပြစ်မှုကျူးလွန်သူကို မုတ္တမနယ်မြေရဲစခန်းက ယနေ့ သြဂုတ် ၂၈ ရက် နေ့ တွင် ဖမ်းဆီးရမိခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှ သိရသည်။
ဖမ်းဆီးရမိပုံမှာ သြဂုတ် ၂၁ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်းရပ်ကွက်ရှိ လေထိုး ကျွတ်ဖာဆိုင်တစ်ဆိုင်၌ အမျိုးသမီးကြီးတစ်ဦး နေအိမ်ဆိုင်ခန်းအတွင်း ဒဏ်ရာများဖြင့်သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းက (ပ)၄၃၄/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့ကြောင်း သိရသည်။
ထိုသို့စုံစမ်းနေစဉ် ယနေ့ သြဂုတ် ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ဆီဆုံရပ်ကွက်၌ မသင်္ကာဖွယ်လူတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ မုတ္တမနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်နှင့်အဖွဲ့က မသင်္ကာသူ မော်ရွန်း (၂၄)နှစ်ကို ခေါ်ယူစစ်ဆေးစဉ် မင်္ဂလာတောင်ညွှန့်မြို့ မရဲစခန်းက (ပ)၄၃၄/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းနေသည့် ဆိုင်ဝန်ထမ်းဖြစ်ပြီး အမှုကိုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။ ဆက်လက်စစ်ဆေးချက်အရ လူသတ်မှုကျူးလွန်စဉ် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ ဖမ်းဆီးရမိသူ မော်ရွန်း (၂၄)နှစ်ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

















