အကြောပြင်လုပ်ငန်းမှ ငွေနှင့်ဖုန်း ၆ လုံး ခြိမ်းခြောက်ယူဆောင်သူ ၄ ဦးကို ဖမ်းမိ

အကြောပြင်လုပ်ငန်းမှ ငွေနှင့်ဖုန်း ၆ လုံး ခြိမ်းခြောက်ယူဆောင်သူ ၄ ဦးကို ဖမ်းမိ

မဟာအောင်မြေမြို့နယ်ရှိ အကြောပြင်လုပ်ငန်းတစ်ခုမှ ငွေနှင့်လက်ကိုင်ဖုန်း ၆ လုံးကို ခြိမ်းခြောက်ယူ ဆောင်ခဲ့သူ ၄ ဦးကိုဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သြဂုတ် ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်း၊ ၆၄×၆၅ လမ်းကြား၊ မဟာမြိုင်(၁) ရပ်ကွက်နေ ကိုစိုးမင်းထွန်း (၃၈)နှစ်က သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁ နာရီ မိနစ်၂၀ အချိန်ခန့်က ၄င်းနေအိမ်ဈေးဆိုင်ခန်းတွင် ဆိုင်ဝန်ထမ်းများနှင့်အတူ ရှိနေစဉ် ယခင်သိကျွမ်းခဲ့သည့် မြင့်ချို ပါ(၄)ဦးတို့က ဓားများကိုင်ဆောင်ရောက်ရှိလာခဲ့သည်။ 
တိုင်ကြားသူဖွင့်လှစ်ထားသည့် အကြောပြင်လုပ်ငန်းမှ လစဉ်ပေးရန်ပြောဆိုထားသည့် ငွေကျပ်( ၃)သိန်းကို တောင်းယူရာ ၄င်းကမရှိသေးကြောင်း ပြောဆိုခဲ့သည်။ ၎င်းတို့မှကောင်တာအံဆွဲအတွင်းရှိ ငွေကျပ်(၁၀ဝ,ဝ၀ဝ)ကိုယူဆောင်ခဲ့ပြီး ဆိုင်အတွင်း တပ်ဆင်ထားသည့် ၃၂ လက်မနှင့် ၂၁ လက်မ TV တို့ကို ရိုက်ခွဲဖျက်ဆီးကာ လက်ကိုင်ဖုန်း (၆)လုံးကို ယူဆောင်သွားခဲ့သည်။ ထို့ပြင် လစဉ်ပေးရမည့် ကျန်ငွေ(၂)သိန်းကို လကုန်ရက်တွင်ပေးရန်နှင့် မပေးနိုင်လျှင်ဆိုင်ကို ပိတ်ပစ်အောင်လုပ်မည်ဟု ခြိမ်းခြောက်ပြောဆိုထွက်သွားသောကြောင့် ၄င်းတို့ကို အရေးယူပေးရန် တိုင်ကြား ခဲ့သည်။
မဟာအောင်မြေမြို့မရဲစခန်းက(ပ)၆၄၀/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၄၂၇/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အမှုတွင်ပါဝင်သူ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ် ကွက် တန်ဖိုးနည်းအိမ်ရာနေ နန်းဦး (၃၉)နှစ်၊ ဖျာပုံမြို့နေ အာကာ(ခ)အောင်ခိုင်(၂၅)နှစ်နှင့် ပြည်ကြီး တံခွန်မြို့နယ်နေ ပလောင်(ခ) ဝင်းမင်းသန့်(၂၃)နှစ်တို့အား ဓားရှည်မျိုးစုံ(၈)ချောင်း၊ လေးခွ(၂)လက်၊ သံကုန်းသီးများ၊ပြစ်မှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဆိုင်ကယ်(၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ(၃)ဦးကို စစ်ဆေးချက်အရ ရွှေသွေး(ခ)စည်သူ(စိစစ်ဆဲ)၊ ကတုံး(စိစစ်ဆဲ)၊ အမည် မသိ လူတစ်ဦး တို့နှင့်အတူ ကျူးလွန်ခဲ့ပြီး စီစဉ်သူမှာ မြင့်ချိုဖြစ်ကြောင်းသိရသဖြင့် အောင်မြေသာစံမြို့ နယ်နေ မြင့်ချို(၄၀)နှစ်ကို နေအိမ်၌ ဓားရှည်(၈)ချောင်း၊ ဓားတို(၃)ချောင်း၊ စကေဘာ(၁)ချောင်း၊ ရဲဒင်း(၂)လက်၊ လှံ(၁)ချောင်း၊ ခရင်းခွ(၂)ခု၊ ဂျင်ကလိ (၁၉)ခု၊ လေးခွ(၂)လက်၊ ကုန်းသီး(၂၃)လုံး တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်တိမ်းရှောင်နေသူ ရွှေသွေး(ခ)စည်သူ(စိစစ်ဆဲ)၊ ကတုံး(စိစစ်ဆဲ)၊ အမည် မသိလူတစ်ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။