နေအိမ်အတွင်းမှ ကျပ်သိန်း သုံးရာကျော်တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ခိုးယူခဲ့သူကို ဖမ်းမိ

နေအိမ်အတွင်းမှ ကျပ်သိန်း သုံးရာကျော်တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ခိုးယူခဲ့သူကို ဖမ်းမိ

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ နေအိမ်တစ်ခုအတွင်းမှ ကျပ် ၃၄၂ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများနှင့် ငွေများခိုးယူခဲ့သူ ကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

သြဂုတ် ၂၇ ရက်နေ့ သန်းခေါင်ကျော် နံနက် ၁ နာရီတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ဦးကျော်နိုင်ဦး သည် အပေါ်ထပ်နေအိမ်တံခါးမကြီးအား မပိတ်ဘဲအိပ်ရာဝင်ခဲ့ပြီး နံနက် ၅ နာရီအချိန်တွင် ဇနီးဖြစ်သူမှာ အိပ်ရာမှနိုးစဉ် နေအိမ်အောက်ထပ်တံခါးများပွင့်နေသည်ကိုတွေ့ ရှိခဲ့ကြောင်း၊ ရွှေ၊ ငွေ လက်ဝတ်ရတနာ များသိမ်းဆည်းထားသည့် ဘီဒိုမှာလည်းပွင့်နေသည်ကိုတွေ့ရကြောင်း၊ ၎င်းကိုပြောပြသဖြင့် စစ်ဆေးခဲ့ရာ ရွှေထည်ပစ္စည်းမျိုးစုံ၊ ငွေစက္ကူရောရာ ၁၁,၈၀ဝ,ဝ၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်း (၂)လုံး စုစုပေါင်းတန်ဖိုး ကျပ် ၃၄၂၂၀ဝ၀ဝ ဖိုးခန့်တို့ ပျောက်ဆုံးနေကြောင်းသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
ဒဂုံမြို့သစ် (အရှေ့)မြို့မရဲစခန်းက (ပ)၉၉၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်ကာ စုံစမ်းခဲ့သည်။ ထိုသို့စုံစမ်းနေစဉ် ဒဂုံမြို့သစ်(အရှေ့)မြို့နယ် (၁၃၃) ရပ်ကွက်နေ သန့်ဇင်ကျော် ဆိုသူက အခင်းဖြစ်ပွားရာတွင် ပါရှိခဲ့သည့် လက်ကိုင်ဖုန်းကို အသုံးပြုနေကြောင်းသိရသဖြင့် ၄င်းကို သြဂုတ် ၂၇ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၄င်းကို စစ်ဆေးချက်အရ အဆိုပါခိုးမှုကို ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီး အခြားခိုးမှုများ ကျူးလွန်ခြင်းရှိမရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းချက်များအရ သိရသည်။