အာရှပွဲ၌ ဆုမရခဲ့၍ မိမိတွင်တာဝန်အရှိဆုံးဟု လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောဆို

အာရှပွဲ၌ ဆုမရခဲ့၍ မိမိတွင်တာဝန်အရှိဆုံးဟု လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောဆို

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ချုပ်က ဆုတံဆိပ်ရယူပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် မိမိ၌သာ တာဝန်အရှိဆုံးဖြစ်ကြောင်း လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

လွဲချော်ခဲ့

မြန်မာ့လှေလှော်အသင်းသည် သြဂုတ် ၂ရရက်က ရိုးရာလှေ မီတာ ၁ဝဝဝပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။ မီတာ ၁၀၀၀ ပြိုင်ပွဲသည် မြန်မာအသင်း အားသာသောပြိုင်ပွဲဖြစ်ပြီး မြန်မာအသင်း၏ နောက်ဆုံးရွှေရောင်မျှော်လင့်ချက် ဖြစ်သောကြောင့် ယင်းပွဲစဉ်၌ ဆုတံဆိပ်ရရှိရန် မျှော်လင့်ခဲ့သော်လည်း ဗိုလ်လုပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။ 

အသိအမှတ်ပြု

'ကျွန်တော်တို့ ဆုမရလို့ ဆင်ခြေပေးတာမဟုတ်ပါဘူ။ ဒါပေမဲ့ ပြိုင်ဘက်သင်းတွေရဲ့ စံချိန်တွေက အတော့်ကို ကောင်းမွန်ခဲ့ပါတယ်၊ ဒီလိုအခြေအနေမှာ အသင်းက လေ့ကျင့်ရေးမှာ ရရှိခဲ့တဲ့ စံချိန်ရအောင်တောင် မလှော်နိုင်ခဲ့ပါဘူး။ ဒါက ဆုတံဆိပ်တွေ လွဲချော်ရခြင်းရဲ့ အဓိကအဖြေပါပဲ။ ကျွန်တော်တို့အသင်းတွေရဲ့ လှော်ပေါက်နဲ့ လှော်ရတဲ့လှေအမျိုးအစား အံဝင်ခွင်ကျ မဖြစ်တာလည်း ပါပါတယ်။ ပထမပြောချက်တာက အုပ်ချုပ်၊နည်းပြအဖွဲ့တွေနဲ့ ကစားသမားတွေ အပင်ပန်းခံ ၊ နိုင်လိုစိတ်ပြင်းပြစွာ ယှဉ်ပြိုင်ခဲ့တာကို အသိအမှတ်ပြု ချီးကျူးပါတယ်။ ဒုတိယအနေနဲ့ ကျွန်တော်တို့အသင်းအပေါ် ယုံကြည်မျှော်လင့််ခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ဒီအတွက် ပြည်သူတွေကို အလေးအနက် တောင်းပန်ပါတယ်။ ဒီရလဒ်တွေအတွက် တာဝန်အရှိဆုံးက ကျွန်တော်ပါ။ ဒါ့ကြောင့် တာဝန်ယူရမယ့်ဟာတွေကို ကျေနပ်စွာ ခံယူသွားပါမယ်" ဟု ဦးသောင်းထိုက်မင်းက ပြောဆိုခဲ့သည်။

စံချိန်မမီ

မြန်မာ့လက်ရွေးစင်အမျိုးသားရိုးရာလှေအသင်းသည် မီတာ ၁၀၀၀ ပြိုင်ပွဲ အုပ်စုပွဲစဉ်၌ ၄ မိနစ် ၄၄ ဒသမ ၂၅၂ စက္ကန့်ဖြင့် ဒုတိယနေရာမှသာ ပန်းဝင်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်၌ ၄ မိနစ် ၄၃ ဒသမ ၀၅၅ စက္ကန့်ဖြင့် စတုတ္ထနေရာမှ ပန်းဝင်နိုင်ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ရခြင်း ဖြစ်သည်။ တရုတ်တိုင်ပေအသင်းမှာ ၄ မိနစ် ၃၁ ဒသမ ၁၈၅ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပြီး ယင်း စံချိန်သည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအသင်း ဗိုလ်စွဲခဲ့သော ၄ မိနစ် ၃၁ ဒသမ ၁၁ စက္ကန့် စံချိန်ကို မမီခဲ့ပေ။   

သာလွန်ခဲ့

မီတာ ၁၀၀၀ ပြိုင်ပွဲ အုပ်စုနှင့် ဆီမီးပွဲများ၌ မြန်မာအသင်းရရှိခဲ့သော စံချိန်များသည် ယခုပြိုင်ပွဲမတိုင်မီ ဇူလိုင်လအတွင်းက လေ့ကျင့်ရေးတွင် ရရှိထားခဲ့သောစံချိန် ၄ မိနစ် ၃၆ ဒသမ ၃၈ စက္ကန် ကို မမီခဲ့ဘဲ ယင်းစံချိန်မှာ ယခုမီတာ ၁၀၀၀ ပြိုင်ပွဲ၌ ၄ မိနစ် ၃၆ ဒသမ ၄၅၉ စက္ကန့်စံချိန်ဖြင့် တတိယဆုရရှိသွားသော တောင်နှင့်မြောက်ပူးတွဲ ကိုရီးယားအသင်း၏ စံချိန်ထက် သာလွန်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး