ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုဖြင့် တိုင်းဥပဒေချုပ်ရုံး၏ ရာဇဝတ်ပြင်ဆင်လျှောက်ထားခဲ့မှုကို ယနေ့ကြားနာခဲ့ပြီးနောက် အမှုကို အမိန့်ချမှတ်ရန် သီးခြားထားရှိလိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော် ပြန်ကြားရေးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက မြန်မာတိုင်းမ် ကို ပြောကြားခဲ့သည်။
အောင်ရဲထွေးသေဆုံးခဲ့မှုနှင့်စွဲချက်မတင်မီ အမှုမှလွှတ်ပေးခဲ့မှုတို့မှာ ပြည်သူအကြား စိတ်ဝင်စားသည့်အမှုဖြစ်နေခြင်းကြောင့် မှုခင်းဆရာဝန်အပါအဝင် ကျန်ရှိသည့် သက်သေ ၈ ဦးကို ပြန်လည်စစ်ဆေးပေးရန် တရားလို(နိုင်ငံတော်)က ယနေ့ရုံးချိန်းတွင် ရုံးတော်သို့ လျှောက်ထားခဲ့သည်။
အမှုနှင့်ပတ်သက်၍ သက်သေ ၂၂ ဦး စစ်ဆေးခဲ့ပြီး တရားလိုဘက်မှ အမှုကိုရုတ်သိမ်းပေးရန် လျှောက်ထားခဲ့ခြင်းနှင့် အမှုစစ်ဆေးမှု အားနည်းနေခြင်းကြောင့် အယူခံလျှောက်ထားမှုကို ပလပ်ပေးရန် အယူခံတရားခံရှေ့နေများက ယနေ့ရုံးချိန်းတွင် ရုံးတော်သို့ လျှောက်ထားခဲ့သည်။ လာမည့်ရုံးချိန်းတွင် အယူခံလျှောက်ထားမှုကို အမိန့်ချရန် သီးခြားထားရှိလိုက်သည်။
အောင်ရဲထွေးသေဆုံးခဲ့မှုနှင့်ပတ်သက်၍ လူသတ်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၃ ဦးကို သက် သေခံချက်အားနည်းခြင်း၊ သေဆုံးသူ၏ မိသားစုဝင်များက အမှုကို ဆက်လက်ဆောင်ရွက်လိုမှုမရှိခြင်းတို့ကြောင့်ဟုဆိုကာ အမှုကျေအေးရုပ်သိမ်းလွှာတင်ခဲ့ခြင်းကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုခံထားရသူ သန်းထွဋ်အောင် (ခ)သားကြီး၊ ကျော်ဇောဟန်(ခ) ကျော်ဇောနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ ၃ ဦးကို ဇူလိုင် ၂၅ ရက်တွင် အမှုမှလွှတ်ပေးခဲ့သည်။
ထိုသို့ အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ က အရ အမှုမှ လွှတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍
တရားစီရင်ရေးလောကတွင် ဝေဖန်မှုများစွာပေါ်ထွက်လာခဲ့ခြင်းကြောင့် နိုင်ငံတော်ကိုယ်စားတိုင်းဥပဒေရုံးက ရာဇဝတ်ပြင်ဆင်မှုအမှတ်၂၉၆(ခ)/၁၈ ဖြင့် ဇူလိုင် ၃ဝ ရက်နေ့တွင် ပြင်ဆင်မှု လျှောက်ထားခဲ့ပြီး တိုင်းလွှတ်တော်တရားသူကြီး (၇) ဦးအောင်နိုင်က အမှုကိုလက်ခံကြောင်း အမိန့်ချမှတ် ခဲ့သည်။ အမှုမှလွတ်မြောက်သွားသူ ၃ ဦးကို သက်ဆိုင်ရာ မြို့ နယ်တရားရုံးများက ပြင်ဆင်မှုနှင့်ပတ်သက်၍ သမ္မန်စာပေးပို့ခဲ့မှုကို ၄င်းတို့ ၃ ဦးက သြဂုတ် ၇ ရက် နေ့တွင်တိုင်းဒေသကြီးတရားလွှတ်တော်သို့ အမှုစစ်ဆေးမှုနှင့်ပတ်သက်၍ လာရောက်သတင်းပေးပို့ခဲ့သည်။
ယနေ့ (သြဂုတ် ၂၉ )ရက်တွင် ရာဇဝတ်ပြင်ဆင်လျှောက်ထားမှုနှင့်ပတ်သက်၍ တိုင်းတရားလွှတ်တော် တရားသူကြီး (၆) ၏ ရုံးတော်တွင် အမှုမှ နှစ်ဖက်အကျိုးဆောင်များက လျှောက်လဲချက်ပေးခဲ့ပြီးနောက် အမှုကို အမိန့်ချမှတ်ရန် သီးခြားထားရှိလိုက်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ပြန်ကြားရေးအရာရှိ ထံမှသိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ) အရ ကျော်စော သတင်း အဖြစ်သတ်မှတ်ခဲ့ပြီး ၄င်းဥပဒေပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အ တည်ပြု သတ်မှတ်ကာ သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟုယုံကြည် ရန် အကြောင်းပေါ်ပေါက်သဖြင့်စစ်ဆေးသွားမည်ဖြစ်ကြောင်းကိုလည်း ကော်မရှင်က ထုတ်ပြန်ထားသည်။
















