အာရှပြိုင်ပွဲများအတွက် ပြင်ဆင်လျက်ရှိနေသည့် မြန်မာယူ-၁၆ နှင့် ယူ-၁၉ အမျိုးသမီး အသင်းတို့သည် စက်တင်ဘာလအတွင်း စင်ကာပူအမျိုးသမီးလူငယ်အသင်းများနှင့် သုဝဏ္ဏ ကွင်း၌ ခြေစမ်းပွဲများကစားမည်ဖြစ်ကြောင်း သိရသည်။
ခြေစမ်းပွဲသုံးပွဲ
စင်ကာပူယူ-၁၆ နှင့် ယူ-၁၉ အမျိုးသမီးအသင်းတို့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃ ရက်တွင် လေ့ကျင့်ခြေစမ်းခရီးလာရောက်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲကစားမည်ဖြစ်သည်။ မြန်မာယူ-၁၆ အမျိုးသမီးအသင်းသည် စက်တင်ဘာ၌ကျင်းပမည့် အာရှယူ-၁၆ အမျိုးသမီး ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်ရှိနေပြီး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စင်ကာပူ ယူ-၁၆ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာနှင့်စင်ကာပူ ယူ-၁၆ အမျိုးသမီးအသင်းတို့၏ ပထမခြေစမ်းပွဲကို စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒုတိယခြေစမ်းပွဲကို စက်တင်ဘာ ၆ ရက် ည ၆ နာရီတွင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အလားတူပင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှယူ-၁၉ အမျိုးသမီး ပြိုင်ပွဲ ခြေစစ်ပွဲယှဉ်ပြိုင်ရမည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည်လည်း ကြိုတင်ပြင်ဆင် သည့်အနေဖြင့် စင်ကာပူ-၁၉ အမျိုးသမီးအသင်းနှင့် စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။















