ရှေ့နေအမျိုးသမီးကိုသတ်ပြီး တိမ်းရှောင်နေသူ ခင်ပွန်းဟောင်း လာရောက်အဖမ်းခံ

ရှေ့နေအမျိုးသမီးကိုသတ်ပြီး တိမ်းရှောင်နေသူ ခင်ပွန်းဟောင်း လာရောက်အဖမ်းခံ

နေပြည်တော်တပ်ကုန်းမြို့တွင် ရှေ့နေအမျိုးသမီးကို သတ်ပြီးနောက် တိမ်းရှောင်နေသူက သြဂုတ် ၂၉ ရက်နေ့တွင် သက်ဆိုင်ရာသို့ လာရောက်အဖမ်းခံခဲ့ကြောင်း တပ်ကုန်းမြို့မရဲစခန်းမှ သိရသည်။

အသတ်ခံရသူသည် ကံလှအုပ်စု ရွှေစုကျေးရွာနေ မစုရည်ဖြိုး(ခ)မဘုတ်မဖြစ်ပြီး သတ်ပြီးထွက်ပြေး တိမ်းရှောင်သူမှာ ၎င်း၏ခင်ပွန်းဟောင်း အောင်စိုး(ခ)မောင်စိုး (၄၇ နှစ်)ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၇ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် နေပြည်တော် တပ်ကုန်းမြို့  ရှောက်ကုန်းလမ်းခွဲ တောင်ဘက် နွယ်ရစ်ဆီဆိုင်အနီးတွင် ရှေ့နေ မစုရည်ဖြိုး က ဆိုင်ကယ်မောင်းလာစဉ် ခင်ပွန်းဟောင်းဖြစ်သူ အောင်စိုးကို တွေ့ရှိသောကြောင့် ဆိုင်ကယ်ကိုရပ်ခဲ့ကြောင်း၊ထို့နောက်၎င်းတို့နှစ်ဦးစကားများခဲ့ပြီး အောင်စိုးက လွယ်အိတ်အတွင်းပါသည့် ဓားမြောင်ဖြင့် မစုရည်ဖြိုး လည်ပင်းကိုလှီးဖြတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် ပျော်ဖွယ်မြို့နယ် တရားရုံးတွင် တရားဝင်ကွာရှင်းထားပြီးဖြစ်ကာ မစုရည်ဖြိုးက ကွာရှင်းခွင့်ရရန်တရားရုံးသို့လျှောက်ထားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အောင်စိုးကမကျေနပ်သောကြောင့် ရန်ရှာခဲ့ဖူးကြောင်းလည်း သိရသည်။
 တပ်ကုန်းမြို့မရဲစခန်းက(ပ)၂၁၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူစုံစမ်းခဲ့သည်။ 
၄င်းကို တွေ့ရှိပါကသတင်းပေးရန် နေပြည်တော်ရဲတပ်ဖွဲ့က သြဂုတ် ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ တပ်ကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မျိုးဝင်းနှင့်အဖွဲ့က အမှုမှတိမ်းရှောင်နေသူ၏ ညီဖြစ်သူနှင့် တွေ့ ဆုံခဲ့ပြီး ၄င်းတို့ ဆက်သွယ်ခဲ့သည့်ဖုန်းနံပါတ်မှတစ်ဆင့် အောင်စိုးကို ဆက်သွယ်ကာ ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ဖြေရှင်းရန် စည်းရုံးသိမ်းသွင်းပြောဆိုခဲ့ပြီးနောက် တပ်ကုန်းမြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။