မြိတ်မြို့ကွမ်းခြံအတွင်း လာရောက်မြှုပ်နှံထားသည့် စိတ်ကြွဆေးပြား ရှစ်သောင်းကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း မြိတ်မြို့နယ်ရဲစခန်းမှ သြဂုတ် ၃၀ ရက်ကသိရသည်။
သြဂုတ် ၂၉ ရက်တွင် မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ချောင်းကူးငယ်ရပ်နေ အမျိုးသားကြီးပိုင် နေအိမ် နောက်ဘက် ကွမ်းခြံတွင်း မသင်္ကာဖွယ်ပုံးတစ်လုံးတွေ့ရှိကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားချက်အရ ဒုရဲမှူးချိုလွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါ ကွမ်းခြံအတွင်း မြေသင်းဖုတ်သည့် တဲအနီး ဝါးခုံတန်းလျားအောက်တွင် မိုးရေတိုက်စားသဖြင့် မြေကြီးအတွင်းမှ နှုတ်ခမ်းပေါ်နေသည့် ပလက်စတစ်ဆီပုံးတစ်ပုံးကိုတွေ့ရှိသဖြင့် ခြံပိုင်ရှင်က တူးဖော်ကြည့်ရှုရာ ဆီ ၅ ဂါလန်ပုံးဖြင့်ထည့်ထားသည့် ဆေးပြားများဖြစ်ကြောင်းသိရသည်။
ယင်းဆေးပြားများကို စစ်ဆေးခဲ့ရာ WY စိတ်ကြွဆေးပြားများဖြစ်ပြီး စုစုပေါင်း ၈၃၀၃၀ ပြားရှိကြောင်း သိရသည်။ မြိတ်မြို့နယ်ရဲစခန်းက မယ (ပ)၁၆၃/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့်ထားသည်။

















