ကျောက်ဆည်မြို့နယ်တွင် စက်မှုတက္ကသိုလ်ကျောင်းသား တစ်ဦးသေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူကို နာရီပိုင်းအတွင်းဖမ်းဆီးခဲ့ပြီးနောက် ယနေ့ သြဂုတ် ၃၀ ရက်တွင် ကျောက်ဆည်ခရိုင်တရားရုံးတွင် ဖြောင့်ချက်ရယူခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက မြန်မာတိုင်းမ်ကိုပြောသည်။
သြဂုတ် ၂၉ ရက် ည၉ နာရီခွဲအချိန်ခန့်တွင် ကျောက်ဆည်မြို့ပြည်လုံးနိုင်ရပ်ကွက်အတွင်းစက်မှုတက္ကသိုလ်ကျောင်းသားနှင့် သူငယ်ချင်းတစ်ဦးနှင့် အပြင်မှ ဆိုင်ကယ်ဖြင့်ပြန်လာခဲ့ပြီး စက်မှု တက္ကသိုလ်ကျောင်းသားက ဆိုင်ကယ်နောက်တွင် ဂိမ်းထိုင်ဆော့ကာ လိုက်ပါခဲ့သည်။ ထိုသို့ လိုက်ပါလာစဉ် ၄င်းတို့ စီးနင်လာသည့် ဆိုင်ကယ်နှင့်ဘေးချင်းယှဉ်မောင်းလာသည့် ဆိုင်ကယ်စီးနင်း လာသူ ၃ ဦးက ဖုန်းကိုလုယူရာက ဝိုင်းဝန်းထိုးကြိတ်စဉ် ဓါးနှင့်ထိုးခဲ့ရာ စက်မှုတက္ကသိုလ်ကျောင်းသားမှာ သေဆုံးခဲ့ပြီး ၄င်းနှင့်အတူပါသူတွင် ဒဏ်ရာများရရှိခဲ့ကြောင်း သေဆုံးသူ၏ သူငယ်ချင်းနှင့် မိသားစုဝင်များက ပြောဆိုခဲ့သည်။
အဆိုပါပြောဆိုမှုနှင့်အတူ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စက်မှုတက္ကသိုလ်ကျောင်းသား နှစ်ဦးကို လူ ၃ ဦးက ဝိုင်းဝန်း ထိုးကြိတ်ခဲ့ သည့် နေရာအနီးရှိ စတိုးဆိုင်၏ စီစီတီဗီမှတ်တမ်း များလည်း ဖော်ပြခဲ့သည်။
" ဖမ်းဆီးရမိတဲ့ ၃ ယောက်ကိုစစ်တာ ဆိုင်ကယ်ချင်းငြိလို့ နောက်ကနေလိုက် လာပြီးတစ်ယောက် တစ်ခွန်းစကား များရာကနေ လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ပေါ်ပေါက်တယ်။ ဒီနေ့ သူတို့ ၃ ယောက်ကို ကျောက်ဆည်ခရိုင်တရားရုံးမှာ ဖြောင့်ချက် သွားယူတယ်" ဟု ကျောက်ဆည်မြို့ မရဲစခန်းမှ ရဲအရာ ရှိကပြောသည်။
ကျောက်ဆည်မြို့နယ်ဆေးရုံမှ မှုခင်းပိုင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သေဆုံးသူ လူငယ်တွင် နှလုံးတွင် ဓားဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ သေဆုံးခဲ့သည့် စက်မှုတက္ကသိုလ်ကျောင်းသား၏ အလောင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့် တွင် နေပြည်တော်သို့ ပြန်လည်သယ်ဆောင်ခဲ့သည်။
'' လုယက်မှုကျူးလွန်ရင်းအသတ်ခံရတာပါ။ သေဆုံးတဲ့ ကောင်လေးက နေပြည်တော်က နေ ဒီမှာလာပြီး ကျောင်းလာတက်နေတယ်။ လုယက်မှုကျူးလွန်တဲ့သူတွေကို ရဲတပ်ဖွဲ့က တစ်နာရီ အတွင်း ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးရမိတဲ့သူတွေက ကျောင်းသားတွေကို မကြာခဏလုယက်မှုတွေကျူးလွန် ထားလို့ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့သူတွေဖြစ်ပါတယ်။ အခုအမှုက စီစီတီဗီမှတ်တမ်းတွေ လည်းရထားပြီးပြီ။ အခု ရဲစခန်းမှ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်" ဟု ကျောက်ဆည်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်(၁) ဦးရဲမင်းထွန်းက ပြောသည်။<
ပြစ်မှုကျူးလွန်သူ မင်းခန့်ကျော်(ခ)အလီဘိုင်(၂၁ နှစ်)၊ အောင်သူဟိန်း (၂၀ နှစ်)နှင့် မင်းချစ်အောင်(၁၉ နှစ်)တို့ ၃ ဦးကို ကျောက်ဆည်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။

















