တာချီလိတ်မြို့ရှိ ရွှေဆိုင်တွင် ရွှေဝယ်သူအမျိုးသမီးကို သေနတ်ဖြင့်ပစ် လုယက်မှု ကျူးလွန်ရန် အားထုတ်သူကိုဖမ်းမိ

တာချီလိတ်မြို့ရှိ ရွှေဆိုင်တွင် ရွှေဝယ်သူအမျိုးသမီးကို သေနတ်ဖြင့်ပစ် လုယက်မှု ကျူးလွန်ရန် အားထုတ်သူကိုဖမ်းမိ

တာချီလိတ်မြို့ ရှိ ရွှေဆိုင်တစ်ဆိုင်တွင်  ရွှေဝယ်သူအမျိုးသမီးကို သေနတ်ဖြင့်ပစ်ကာ လုယက်မှု ကျူး လွန်ရန် အားထုတ်သူကို သက်ဆိုင်ရာက သြဂုတ် ၂၉ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် ၁၈ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ဒိုင်းမွန်းရွှေဆိုင်တွင်ရွှေဝယ်ယူနေသူ အမျိုးသမီးငယ်ကို ဦးခေါင်းမျက်နှာတို့တွင် ခေါင်းစွပ်ဖြင့်ဖုန်းကွယ်ထားသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ချိန်ရွယ်ကာ ရွှေများလုယူစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် ရွှေဝယ်သူအမျိုးသမီးငယ်တွင်  လက်ယာဘက်လက်မောင်း သေနတ် တစ်ချက်ထိမှန်ပြီး ရွှေကောင်တာမှန်များကိုလည်း သေနတ်ဖြင့်ရိုက်ခွဲခဲ့ကာ သေနတ်သမားက ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည်။

အဆိုပါအမှုကို တာချီလိတ်မြို့မရဲစခန်း (ပ)၂၇၃/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၃၉၄/၄၂၇ အရ အမှုဖွင့်ကာ စခန်းမှူး ဒုရဲမှူးမျိုးခိုင်က စုံစမ်းခဲ့သည်။

ထိုသို့စုံစမ်းနေစဉ် ပြစ်မှုကျူးလွန်သူမှာ မိုင်းပျဉ်းမြို့နယ် တာကော် (၂)မိုင်ရွာနေ စိုင်းလှဝင်း (ခ)စိုင်းဝင်း (၂၂ နှစ်) ဖြစ်ကြောင်း သိရသဖြင့်  ၄င်းကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပွိုင့်၂၂ ပစ္စတိုသေနတ်တစ်လက်၊ ၄င်းကျည်၁၃တောင့်အပါအဝင် ပြစ်မှုကျူးလွန် စဉ်က ဝတ်ဆင် ခဲ့သည့် အဝတ်အစားများနှင့် အတူ သြဂုတ် ၂၉ ရက်တွင် သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူ စိုင်းလှဝင်းမှာ ဆိုင်ကယ်လုယက်မှုအပါအဝင် အခြားသောပြစ်မှုများကိုလည်း ကျူးလွန်ထား ကြောင်း ထပ်မံပေါ်ပေါက်သဖြင့် တာချီလိတ်မြို့မရဲစခန်းက ဆက်လက်စစ်ဆေး လျက်ရှိသည်။