ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲယာဘက်ခြမ်းပဲ့ကျပြီး ရေကြီးရေလျှံခြင်းဖြစ်ပေါ်ခဲ့မှုကြောင့် မိုးစပါးစိုက်ပျိုးဧက ၃၂၀ဝ၀ ကျော်ရေလွှမ်းမိုးခံခဲ့ရပြီး ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးဧက ၁၁၀ဝ၀ ကျော် ပြန်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့်သြဂုတ် ၂၉ ရက် နံနက် ၆ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲယာဘက်ခြမ်းပဲ့ကျမှုဖြစ်ပေါ်ခဲ့ပြီးဆွာချောင်းအတွင်းရေစီးဆင်းမှု ပမာဏကြီးမားခဲ့သည့်အတွက် ရေတာရှည်မြို့နယ်ရှိ ကွင်းကြီး၊ သိုင်းဝ၊ ကုန်းကြီး၊ သပြေတန်း၊ ဆွာမင်းလမ်း၊ ငါးကြီးကွေ့၊ ဆွာစက်ရုံ၊ ရွှေကဇောင်း၊ ကွမ်းအုံ၊ ဒိုးတန်း၊ အင်ဒိုင်း၊ ဆင်ဂွေ၊ ကျွဲရိုင်းပြင်၊ ပီတူး၊ ဝါးရုံတော၊ မိချောင်းအိုင်၊ ကဲလင်းဆိပ်၊ ဆွာရွာမ၊ ညောင် ပင်သာ၊ ဝဲဒေါင့်၊ စည်ပိုင်းနှင့် ခင်တန်းကြီး စသည့်ကျေးရွာပေါင်း ၂၂ ရွာနှင့် စိုက်ပျိုးပြီး မိုးစပါးစိုက်ဧရိယာ ၃၂၉၂၁ ဧက ရေလွှမ်းခံခဲ့ရသည်။
သြဂုတ် ၃၀ ရက်အခြေအနေအရ ကျေးရွာများတွင် ရေလွှမ်းမိုးမှုကျဆင်းသွားပြီး မိုးစပါး ၁၁၁၇၈ ဧကပြန်ပေါ်လာပြီး ဆွာချောင်းအနီးဝန်းကျင်ရှိ စိုက်ကွင်းများမှအပ ကျန်ဧရိယာ အများစုမှာ ပျက်စီးမှုမရှိကြောင်းနှင့် ရေများ ဆက်လက်လျော့ကျနေပြီဖြစ်သဖြင့် မကြာမီရက် ပိုင်းအတွင်း စိုက်ကွင်းများအားလုံးပြန်ပေါ်လာပါက အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင် ရာဌာနများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အမ်အိုအိုင်က ထုတ်ပြန်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် သြဂုတ် ၃၁ ရက် နံနက်ပိုင်းက ဆွာချောင်းရေလှောင်တမံသို့ရောက်ရှိပြီး ဆည်ရေထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေပိုလွှဲပြုပြင်တည်ဆောက်ရန် စီမံဆောင်ရွက်နေမှုများ၊ တမံ ကြံ့ခိုင်ရေးစစ်ဆေးမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ရှင်းလင်းတင်ပြသည်။
ဆွာချောင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာချောင်းပေါ်တွင် တည်ဆောက်ထားပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၃၁၂၀၄၀ ဧကပေရှိရာ ကန်ရေပြည့်ရေလှောင်ပမာဏ ၂၁၆၃၅၀ ဧကပေရှိသည့် မြေသားတမံအမျိုးအစားဖြစ်၍ နှစ်စဉ် နွေစပါးဧက ၂၀ဝ၀ဝ ကျော်ကို အကျိုးပြုလျက်ရှိသည်။
















