ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအား NLD ပါတီ တာဝန်များမှ ရပ်ဆိုင်းလိုက်သဖြင့် ယင်းသို့လုပ်ရပ်သည် ဒီမိုကရေစီကျင့်စဉ်များနှင့် မည်မျှညီညွတ်သည်ကို ပြန်ပြီးသုံးသပ်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က စက်တင်ဘာ ၁ ရက်၌ ပြောသည်။
" ပါတီကကျွန်မကို ပါတီတာဝန်ကနေရပ်ဆိုင်းလိုက်တာပါ ။ သြဂုတ် ၂၇ ရက်နေ့စာထုတ်ထား တာကျွန်မလက်ထဲကိုတော့ ဒီနေ့မှ ရောက်တာပါ ။ အကြောင်းပြချက်မပါထားဘူးဖြစ်နေတယ် ။ ကျွန်မကိုလည်းခေါ်မေးတာတွေမလုပ်ဘူး ။ ကျွန်မကိုတော့ ပါတီစည်းကမ်းအရ အရေးယူတယ်လို့မြင် မိပါတယ် ။ ပါတီစည်းကမ်းအရအရေးယူတဲ့အခါကျတော့ ဒီပါတီစည်းကမ်းက ဒီမိုကရေစီကျင့်စဉ် တွေနဲ့ ဘယ်လောက်ညီလဲဆိုတာကို ပြန်ပြီးတော့ ပြန်သုံးသပ်ရမယ့် အချိန်ဖြစ်တယ်လို့ ကျွန်မယူဆ ပါတယ် ။ မီဒီယာတွေကိုပြောတဲ့အခါမှာ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးအရ နိုင်ငံသားတစ် ယောက်ရဲ့ပြောရေးဆိုခွင့်နဲ့ပဲ ပြောတာရှိတယ်လေ ။ အဲဒါကို ပါတီက မကြိုက်ဘူးလေ " ဟု ၎င်းက ပြောသည်။ ယင်းသို့ ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့သော်လည်း NLD ပါတီဝင်အဖြစ် ဆက်လက်ရှိနေကြောင်းလည်း တိုင်းဒေသကြီးလွှတ်တော် ဦးကျော်ဇေယျက စက်တင်ဘာ ၁ ရက်၌ ပြောသည်။
“ကျွန်တော်ရယ်၊ ဒေါ်သက်သက်ခိုင်ရယ်က ပါတီမှာ ဒဂုံမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်ပေါ့၊ ကြီးမားတဲ့တာဝန်တွေ မဟုတ်ပါဘူး ။ ပါတီဝင်အဖြစ်တော့ ဆက်ရှိတာပေါ့၊ ဘာကြောင့် ရပ်နားလိုက်တယ်ဆိုတာကို ကျွန်တော်လည်း အခုချိန်ထိ ဘာမှ မသိရဘူး။ မိဘနဲ့သားသမီးပေါ့ ကိုယ့်သားသမီးမှားနေရင် မိဘက ခေါ်ပြောရမှာပါ။ အခုကခေါ်မပြောဘူး။ အကြောင်းအရာ ဘာမှ မသိရဘဲ မြို့နယ်ကို တရားဝင် စာပဲအကြောင်းကြားတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ယင်းအပြင် ၂၀၁၇ ခုနှစ်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ စီးပွားရေး မူဝါဒများကို ဝေဖန်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ထုချေလွှာကို ဇူလိုင်လ ၃ ရက်တွင် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှ တစ်ဆင့် ဗဟိုအဖွဲ့ချုပ်ထံသို့ ပေးပို့ထားကြောင်းကိုလည်း သိရသည်။

















