သြဂုတ် ၂၉ ရက်က ဆွာရေလှောင်တမံ ရေပိုလွှဲမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာတွင် တောင်ငူနှင့် ပဲခူးတို့ တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၈၅ ခုရှိနေပြီဖြစ်ပြီး ယင်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄ ဦးနှင့် ပျောက်ဆုံးသူ ၃ ဦးရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် ရေကြီးရေလျှံမှုကြောင့်လည်း မူလတန်းကျောင်း ၂၆၉ ကျောင်း ၊ အလယ်တန်း ကျောင်း ၃၇ ကျောင်း ၊ အထက်တန်းကျောင်း ၁၃ ကျောင်း စုစုပေါင်းစာသင်ကျောင်း ၃၁၉ ကျောင်း ခေတ္တပိတ်ထားကြောင်း သိရသည်။ ပျောက်ဆုံးမှုစာရင်းအရ ခလရ (၈၄) ဒုတပ်ရင်းမှူးဗိုလ်မှူးမြတ်စံ ၊ ၁၂ ဘီးယာဉ်မောင်းတစ်ဦး ၊ မောင်သူရဇော် (၁၁) နှစ် (၅) တန်းကျောင်းသား စုစုပေါင်းပျောက်ဆုံးသူ သုံးဦးရှိနေသည်။ သေဆုံးသူများမှာ မောင်ကျော်လေး (၁၇) နှစ် ၊ ဒေါ်စိုးသန်း (၄၃) နှစ် ကိုယ်ဝန်သည် ၊ ဦးတင်မျိုးအောင် (၃၈) နှစ် ၊ ဦးစိုးလေး (၄၆) နှစ် တို့ဖြစ်ကြောင်းလည်း ပဲခူတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ကယ်ဆယ်ရေးစခန်းများအနေဖြင့် ရေတာရှည်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၂၂ ခု၌ လူဦးရေ ၅၀၂၈ ဦး၊ တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၄၄ ခု၌ အိမ်ထောင်စု ၅၉၆၅ စု၊ လူဦးရေ ၂၄၆၇၂ ဦး ၊ အုတ်တွင်း မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၇ခု၌ အိမ်ထောင်စု ၃၇၆ စု၊ လူဦးရေ ၁၄၆၀ ဦး ၊ ကျောက်ကြီးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၁ ခု၌ အိမ်ထောင်စု ၁၀ စု ၊ လူဦးရေ ၄၁ ဦး နှင့် ရွှေကျင်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁ ခု ၊ အိမ်ထောင်စု ၁၁ စု ၊ လူဦးရေ ၄၁ ဦးတို့ ယာယီနေထိုင်နေကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊ ကောလိယ ရေလွှဲဆည်နှင့်ပတ်သက်ပြီး ပြည်သူများ အနေဖြင့် ပြင်ပကောလာဟလသတင်းများ မယုံကြည်ကြရန်နှင့် ကောလိယ ရေလွှဲဆည်သည် စိုးရိမ်စရာမရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားသည်။
















