ယခုလမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမည်ဖြစ်၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးရမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက စက်တင်ဘာ ၁ ရက် ၌ ပြောသည်။
စက်တင်ဘာ (၁၆ ရက်မှ ၂၁) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ (၂၂ ရက်မှ ၂၇) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ (၂၈) ရက်မှ အောက်တိုဘာလ (၃) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း၊ အောက်တိုဘာလ (၄ ရက်မှ ၉) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ လည်းကောင်း အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
" အနောက်တောင်မုတ်သုံလေက မြောက်ပိုင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားမှာပါ။ အဲဒီလိုဆုတ်တဲ့အခါမှာ မုတ်သုံအင်အားမကောင်းတော့တဲ့အတွက်ကြောင့်မိုလို့ ကမ်းရိုးတန်းဒေသတွေမှာ မိုးအားလျော့နည်းသွားမယ် ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာတော့ မိုးပိုလာနိုင်ပါတယ် ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာက မုတ်သုံဝင်တဲ့အချိန်နဲ့ ထွက်တဲ့အချိန်ရောက်မှ မိုးရတာပါ" ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၁ ရက်၌ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















