၂၀၁၈ဆူဇူးကီးပြိုင်ပွဲ အုပ်စုတွင်းပွဲစဉ်တစ်ပွဲအား မန္တလေးမြို့၌ ကျင်းပခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲအား မူပိုင်ထုတ်လွှင့်ခွင့်ရရှိထားသည့် Lagardere ကုမ္ပဏီအား ကုန်ကျစရိတ်မေးမြန်းထားသော်လည်း အကြောင်းကြားလာခြင်းမရှိသေးဟု အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။
မေးမြန်းထား
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆူဇူးကီးပြိုင်ပွဲ အုပ်စုပွဲစဉ်တစ်ပွဲအား မန္တလေးမြို့၌ ကျင်းပရန် ရည်မှန်းထားရာ အဆိုပါပွဲစဉ်အတွက် ပြိုင်ပွဲစပွန်ဆာ အမှတ်တံဆိပ်ကုန်ကျစရိတ်ကို အိမ်ရှင်နိုင်ငံဘက်က ကျခံရမည်ဖြစ်၍ ရုပ်သံထုတ်လွှင့်ခွင့်ရထားသည့် Lagardere ကုမ္ပဏီအား ကုန်ကျစရိတ်ကို မေးမြန်းထားသည်။
ပိုမိုကုန်ကျနိုင်ဖွယ်ရှိ
" အခုထွက်ပေါ်နေတဲ့ ကုန်ကျစရိတ်က ခန့်မှန်းကုန်ကျစရိတ်ပါ။ ကုန်ကျစရိတ်အသေးစိတ်ကို ကုမ္ပဏီဘက်က အကြောင်းမကြားသေးပါဘူး။ ဒီတစ်ပတ်အတွင်း ကုမ္ပဏီဘက်က ကုန်ကျစရိတ်ကို ပို့ပေးမှာပါ။ အဲဒီအခါကျမှပဲ ဘယ်မှာကျင်းပမလဲဆိုတာ သတင်းထုတ်ပြန်ပေးပါ့မယ်" ဟု ဦးကိုကိုသိန်းက ပြောဆိုသည်။ မန္တလေးမြို့၌ ကျင်းပရန်အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သိန်း ၅၀ဝကျော်ကုန်ကျမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်ကုန်ကျစရိတ်ထွက်ပေါ်လာပါက ယခုထက်ပိုမိုကုန်ကျနိုင်ဖွယ်ရှိနေသည်။
ယှဉ်ပြိုင်ရမည်
မြန်မာအသင်းသည် နိုဝင်ဘာ ၁၂ရက်တွင် ယှဉ်ပြိုင်မည့် ကမ္ဘောဒီးယားပွဲစဉ်နှင့် နိုဝင်ဘာ ၂၀တွင်ကျင်းပမည့် ဗီယက်နမ်အသင်းပွဲစဉ်ကို အိမ်ရှင်အဖြစ်ကျင်းပရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ရက်တွင် ယှဉ်ပြိုင်ရမည့် လာအိုပွဲစဉ်နှင့် နိုဝင်ဘာ ၂၄ရက်တွင် ယှဉ်ပြိုင်မည့် မလေးရှားပွဲစဉ်ကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။















