တရုတ်နိုင်ငံတွင် စက်တင်ဘာ ၄ရက်မှ ၈ရက်အထိကျင်းပမည့် CFA အသက် ၂၁နှစ်အောက် နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၂၁လက်ရွေးစင်အသင်းသည် စက်တင်ဘာ၂ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည်ဖြစ်သည်။
အတွေ့အကြုံနည်းပါး
မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူမည်ဖြစ်ပြီး အုပ်ချုပ်၊နည်းပြအဖွဲ့ဝင် ၈ဦးနှင့် ကစားသမား ၂၂ဦးပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အဆိုပါပြိုင်ပွဲသို့ ယူ-၂၁(ခ)အသင်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အတွေ့အကြုံရရန်အတွက်သာ ရည်မှန်းထားသည်။ အပြီးသတ်စာရင်း၌ ရွေးချယ်ခံထားရသော ကစားသမားသည် မြန်မာနေရှင်နယ်လိဂ် နှင့် အသက် ၂၁နှစ်အောက်လိဂ် ပြိုင်ပွဲတို့မှ ကစားသမားများဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံနည်းပါးကြသူများဖြစ်ကြသည်။
အုပ်စုပတ်လည်
မြန်မာယူ-၂၁အသင်းသည် ဖိတ်ခေါ်ပြိုင်ပွဲမယှဉ်ပြိုင်မီ ပြည်တွင်းမှနေရှင်နယ်လိဂ်ကလပ်များဖြစ်သည့် ဧရာဝတီယူနိုက်တက်၊ မကွေး၊ ရှမ်းယူနိုက်တက်အသင်းတို့နှင့်ခြေစမ်းခဲ့ရာ သုံးပွဲစလုံးရှုံးနိမ့်ထားခဲ့သည်။ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းအပါအဝင်၊ မြန်မာ၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန် အသင်းတို့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယှဉ်ပြိုင်ရမည်
မြန်မာယူ-၂၁အသင်းသည် ပွဲဦးထွက်အဖြစ် စက်တင်ဘာ ၄ရက် မြန်မာစံတော်ချိန် ည ၆နာရီ ၅ မိနစ်တွင် အိမ်ရှင်တရုတ်အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့နောက် စက်တင်ဘာ ၆ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် ဥဇဘက်ကစ္စတန်၊ စက်တင်ဘာ ၈ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲတွင် တာဂျစ်ကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။















