ဘီးလင်းမြို့နယ်တွင် လူသတ်အလောင်းဖျောက်ခဲ့သူ ၂ ဦးကို သက်ဆိုင်ရာက စက်တင်ဘာ ၁ ရက်နေ့တွင် ဖမ်းဆီးအရေးယူထားကြောင်း တောင်စွန်းနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းကကျေးရွာ ကျောက်လုံးကြီးရပ်နေ ဒေါ်လှသန်းသည် ကျောက်လုံးကြီး-ကြာစီအောင်ကျေးရွာသွားလမ်းဘေးရှိ ၄င်းပိုင်လယ်ကွင်းသို့ သွားရောက်စဉ် လယ်ကန်သင်းအနီး လူသေအလောင်းမြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ အဆိုပါမြှုပ်နှံထားသည့် လူသေအလောင်းကို ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့်အဖွဲ့ က တူးဖော်စစ်ဆေးရာ အသက်(၄၀)အရွယ် အမျိုးသားအလောင်းဖြစ်ကြောင်းသိရသဖြင့် တောင်စွန်း နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၇/၁၈) ဖြင့်အမှုဖွင့် စုံစမ်းခဲ့သည်။ သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ သေဆုံးသူအမျိုးသားသည် ပဲခူးမြို့ မရမ်းကျောင်းကျေးရွာနေ အညာသား (ခ)ဇော်မျိုးဦး(၃၈)နှစ်ဖြစ်ပြီး လွန်ခဲ့သော(၁၅)ရက်ခန့်က ဝင်းကကျေးရွာနေ ဝင်းဇော်၏ လယ်တဲ၌ ဘီးလင်းမြို့နယ်၊ အရက်သီမကျေးရွာနေ ချစ်ဦး(ခ)ကတုံး(၂၉)နှစ်နှင့် စကားများရန်ဖြစ်ခဲ့ရာ ချစ်ဦး(ခ) ကတုံးက မြက်ခုတ်ဓားဖြင့်ခုတ်သဖြင့် လဲကျသွားခဲ့ကြောင်း သိရသည်။ ထိုသို့လဲကျစဉ် ဝင်းဇော်က ထပ်မံခုတ်သတ်ခဲ့ပြီး အလောင်းကို ပီနံအိတ်ဖြင့်ထည့်ကာ လယ်ကန်သင်းတွင် မြေမြှုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက ချစ်ဦး(ခ)ကတုံး(၂၉)နှစ်၊ နှင့်ဝင်းဇော်(၃၇) နှစ်တို့ကို ဖမ်းဆီးခဲ့ပြီး တောင်စွန်း နယ်မြေရဲစခန်းက(ပ)၁၃၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ အရ အမှုဖွင့်အရေးယူထားသည်။

















