အွန်လိုင်းပေါ်မှတစ်ဆင့် နိုင်ငံခြားဘောလုံးပွဲဒိုင်အဖြစ်လောင်းကစားပြုလုပ်နေသူ ၇ ဦးကို လောင်းကြေးငွေ ၃၉ သိန်းကျော်နှင့် အတူ သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ ၂ ရက်နေ့က ပြင်ဦးလွင်မြို့မရဲစခန်းမှ သိရသည်။
စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၂) ရေချမ်းအိုး မြောက်ရွာ ပါရမီလမ်းနေ ညီညီလွင်(ခ) အောင်မြင့်မြတ် (ခ) စိန်ဒေါင်းလေး နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မ ရဲစခန်းတို့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။
အဆိုပါနေအိမ်တွင် ညီညီလွင်(ခ)အောင်မြင့်မြတ်(ခ)စိန်ဒေါင်းလေး(၃၀ နှစ်)၊ တစ်ရွာတည်းနေ ပြည့်ဖြိုးဆက် (၂၂)နှစ်၊စောရန်ကျော်(၁၉)နှစ်၊ သော်ဇင်အောင်(၂၅)နှစ်၊ အောင်ကျော်ဦး (၂၁)နှစ်၊ မင်းချစ်သူ (၂၀)နှစ်၊ ငြိမ်းမင်းဇော်(၂၁)နှစ်တို့(၇)ဦးကို Internet မှ တစ်ဆင့် အကောင့် နံပါတ်များ၊ ဘောလုံးပွဲအသင်းနာမည်များ ရေးသားထားသည့် စာအုပ်(၁၄)အုပ်၊ ဘောလုံးပွဲလောင်းကစားရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ(၃,၉၉၅,ဝ၀ဝ) ကျပ်တို့ကို လက်ကိုင်ဖုန်း ၁၀ လုံးတို့နှင့်အတူဖမ်းဆီး ရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ပြင်ဦးလွင်မြို့မရဲစခန်းက (ပ)၄၃၆/၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူထားသည်။

















