ပျက်စီးသွားသည့် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအား လာမည့် ၅ ရက်အတွင်း ပြီးစီးရန်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂ ရက်၌ ပြောသည်။
" ရန်ကုန် - မန္တလေးလမ်းပိုင်းကတော့ ပြုပြင်ဆောင်ရွက်နေပါတယ် ။ ခန့်မှန်းကတော့ ၅ရက် လောက်မှ ပြီးမယ်ထင်ပါတယ် ။ အခုလဲ လမ်းပိုင်းဆိုင်ရာတွေ ပြန်လည်ကောင်းမွန်အောင် ဆက်တိုက် တွေလုပ်ဆောင်ပါတယ် ။ ပြန်လည်ကောင်းသွားတော့မှာပါ " ဟု ၎င်းက ပြောသည်။
ယင်းအပြင် စက်တင်ဘာ ၂ရက် ည ၁၀နာရီမှ စတင်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၃) အဆန် အမြန်ရထားနှင့် အမှတ် (၄)အစုန်အမြန်ရထားများကို ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမှတ်(၃)အဆန်အမြန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ည ၁၀နာရီတွင် ထွက်ခွာပြီး နံနက် ၆နာရီတွင် ရေတာရှည်သို့ ရောက်ရှိကာ တပ်မတော်မှအကူအညီပေးသည့် Busကားများဖြင့် ဆွာဘူတာသို့ သွားရောက်၍ ရထားပြောင်းစီးရမည် ဖြစ်သည်။ ဆွာဘူတာမှ နံနက်၈နာရီ ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄နာရီ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ အလားတူ အမှတ်(၄)အစုန်အမြန်ရထားသည်လည်း မန္တလေးမှ ည၁၀နာရီထွက်ကာ ဆွာသို့ မနက်၆နာရီတွင်လည်းကောင်း ကားပြောင်းစီးပြီး ရေတာရှည်မှ မနက်၈နာရီ ထွက်ကာ ရန်ကုန်သို့ ညနေ၄နာရီ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
" စက်တင်ဘာ ၁ ရက်နေ့ကထွက်တဲ့ အမှတ်(၁၁) အဆန် ၊ (၁၂) အစုန်ရထားလည်း ဆက်လက်ပြီး ထွက်ခွာနေပါတယ် ။ အခုဟာက ခရီးသည်တွေအဆင်ပြေအောင်လို့ မနက်ရထား ၊ ညရထားပြေးဆွဲပေးတာပါ " ဟု မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းအပြင် စင်တင်ဘာ ၂ရက်၌ ရန်ကုန်-တောင်ငူကြား ပြေးဆွဲ နေသည့် အဆန်အထူး ရထားသည် ရန်ကုန်မှ ညနေ၃နာရီတွင် အချိန်ပြောင်း၍ ထွက်ခွာပေးမည်ဖြစ်ပြီး တောင်ငူသို့ ည၉နာရီ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ၊ အစုန်အထူးရထားကိုလည်း စက်တင်ဘာ ၃ ရက် မှစ၍ တောင်ငူမှ ည ၁၀နာရီ မိနစ် ၃၀တွင် အချိန်ပြောင်း၍ ထွက်ခွာပေးမည် ဖြစ်ပြီး ရန်ကုန်သို့ မနက်၅နာရီတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ အစုန်/အဆန်အထူးရထား ရပ်တန့်ပေးမည့်ဘူတာများမှာ ရန်ကုန်နှင့်တောင်ငူကြားရှိ တိုးကြောင်ကလေး ၊ ပဲခူး ၊ ဒိုက်ဦး၊ ပြွန်တန်ဆာ ၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ကျောက်တံခါး ၊ ပဲနွယ်ကုန်း ၊ ကညွတ်ကွင်း၊ ဖြူး ၊ ဇေယျဝတီဘူတာများဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
















