ချမ်းမြသာစည်မြို့နယ်ရှိ ကေတီဗီဆိုင်တစ်ဆိုင်တွင် စကားများရန်ဖြစ်ခဲ့သည့် လူငယ် ၂ ဦးကို ဆိုင်မန်နေဂျာပါ ဝန်ထမ်း ၁၀ ဦးခန့်က အပြန်လမ်းတွင် တုတ်ဖြင့်ရိုက်ခဲ့မှုကို သက်ဆိုင်ရာက စက်တင်ဘာ ၁ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။
စက်တင်ဘာ ၁ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁) ရပ်ကွက်နေ မောင်ချစ်ဇွဲသည် ကန်သာယာရပ်ကွက်၊ ဆောင်ဆန်းလမ်းနှင့် ဘုရင့်နောင် လမ်းကြားတွင်လူ(၁၀) ဦးခန့်၏ ဝိုင်းဝန်းရိုက်နှက်ခြင်းခံရသဖြင့် ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ရောက်ရှိခဲ့သည်။
ထိုသို့ဆေးရုံသို့ရောက်ရှိနေကြောင်း သိရသဖြင့် ဖခင်ဖြစ်သူက သွားရောက်ကြည့်ရှုခဲ့သည်။
သားဖြစ်သူနှင့် ကန်သာယာရပ်ကွက်နေ သားဖြစ်သူ၏ သူငယ်ချင်း ဝေယံ (၂၆)နှစ်တို့တွင် ဦးခေါင်း ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာများဖြင့် တွေ့ရှိရ၍မေးမြန်းရာ စက်တင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီ ခွဲ အချိန်ခန့်က မြို့သစ်(၁)ရပ်ကွက်ရှိ ရွှေကိန္နိရီ KTV ဆိုင်တွင် သီချင်းသွားဆိုခဲ့ကြောင်း၊ထို့နောက် ကျသင့်ငွေရှင်းစဉ် ဆိုင်မန်နေဂျာနှင့် စကားများခဲ့ပြီး ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ် ရွှေကိန္နိရီ KTV ဆိုင်မှ ဝန်ထမ်းများပါရှိသည့် Light Truck အဖြူရောင်ယာဉ်မှ ဆိုင်ကယ်ကို နောက်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ကြောင်း ပြောပြချက်အရ သိရသည်ဟု ဆိုသည်။ ထိုသို့တိမ်းမှောက်စဉ် မြို့သစ်(၁)ရပ်ကွက်နေ ဆိုင်မန်နေဂျာ နေအောင်(၃၁)နှစ်၊ ရဲမွန်တောင် ရပ်ကွက်နေ ကျော်နိုင်ဦး (၂၄)နှစ်၊ ကံပေါက်(ခ)ဆွေသက်နိုင် (၂၁)နှစ်နှင့် ချစ်ကို(ခ)ဝေမင်းကို (၁၉) နှစ်တို့ပါလူ(၁၀)ဦးခန့်က တုတ်/ခါးပတ်များဖြင့် ဝိုင်းရိုက်သဖြင့် နာကျင်ဒဏ်ရာများရရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာ အောင်ပင်လယ်နယ်မြေရဲစခန်းက(ပ) ၆၂၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၂၅/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့သည်။ သက်ဆိုင်ရာက အမှုတွင်ပါဝင်သူ ၄ ဦးကို ဖမ်းဆီးခဲ့ကာ ကျန်တိမ်းရှောင်နေသူများကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

















