၂၀၁၉ အာရှယူ-၁၉အမျိုးသမီး ပထမအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်လျက်ရှိနေသည့် မြန်မာယူ-၁၉အသင်းတွင် အရည်အသွေးရှိ ကစားသမားရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရကြောင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာယူ-၁၉အမျိုးသမီးအသင်းကို ဇွန်လမှစတင်၍ ဖွဲ့စည်းလေ့ကျင့်ခဲ့သော်လညး် ဇူလိုင်လတွင် အမျိုးသမီးလိဂ်ပွဲစဉ်များ ပြန်လည်စတင်ခဲ့၍ ကစားသမားများကိုပြန်လည်စေလွှတ်ခဲ့ရသဖြင့် လိဂ်ပြိုင်ပွဲပြီးဆုံးသည့် သြဂုတ် ၂၉ရက် နောက်ပိုင်းမှာသာ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ပြင် ကလပ်အသင်းများ၌ ကစားသမားများမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရသဖြင့် ပြိုင်ပွဲအတွေ့အကြုံလညး် အားနည်းလျက်ရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။
" အသင်းက ကစားသမားတွေက လိဂ်က ကစားသမားတွေများပေမယ့် သူတို့ရဲ့သက်ဆိုင်ရာကလပ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်မရကြဘူး။ ခြောက်ယောက်လောက်ပဲ YREO အသင်းမှာ ပွဲထွက်ခွင့်ရတယ်။ ဒါကြောင့် ပွဲအတွေ့အကြုံလည်း အားနည်းသလို ကစားသမားတွေရဲ့ ဘောလုံးအရည်အသွေးကလည်း အားနည်းတယ်။ အရင်တုန်းကဆိုရင် ခင်မာလာထွန်းတို့ ၊ရီရီဦးတို့ ဝင်းသိဂီင်္ထွန်းတို့ ထွက်သေးတယ်။ခုက ထူးချွန်တဲ့ ကစားသမားမရှိဘူး။ လူစုံလေ့ကျင့်နိုင်တာလည်း သိပ်မကြာသေးဘူး။ ဒီကြားထဲမှာ ကစားသမားတွေက ၁ဝတန်းပညာအတွက် ကျောင်းနဲ့ ကျူရှင်နဲ့ လုံလည်ချာလည်ကြိုးစားနေရတယ်" ဟု ဒေါ်သက်သက်ဝင်းက ပြောဆိုခဲ့သည်။
မြန်မာယူ-၁၉အမျိုးသမီး ကစားသမားများ ဘောလုံးအရည်အသွေးအားနည်းလျက်ရှိသော်လည်း အာရှယူ-၁၉ပထမအဆင့်ခြေစစ်ပွဲကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။" အာရှယူ-၁၉ခြေစစ်ပွဲအုပ်စုတွင်းမှာ ကျရောက်နေတဲ့အသင်းတွေက ကျွန်တော်တို့ထက်သာတဲ့ အသင်းတွေတော့မပါဘူး။ အီရန်အသင်းဆိုလည်း အာရှအဆင့်သတ်မှတ်ချက်မှာ ကျွန်တော်တို့ထက်နိမ့်တယ်။ အသင်းမှာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေမရှိပေမယ့် အာရုံစိုက်ကြိုးစားပြီး ပြင်ဆင်ရမှာပါ။ ပထမအဆင့်ကိုတော့ အောင်မြင့်မယ်လို့ ယုံကြည်ထားတယ်" ဟု ဖွင့်ဟခဲ့သည်။
အာရှယူ-၁၉အမျိုးသမီးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(စ)တွင် အီရန်၊ပါလက်စတိုင်း၊လာအိုအသင်းတို့နှင့်အတူကျရောက်လျက်ရှိပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောက်တိုဘာ ၂၄ရက်မှ ၂၈ရက်အထိ လက်ခံကျင်းပမည်ဖြစ်သည်။ အဆိုပါ ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စု၆ခုမှ ထိပ်ဆုံးတစ်သင်းစီနှင့် အကောင်းဆုံးအုပ်စု ဒုတိယနှစ်သင်းသာ ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။















