တိုက်ကြီးမြို့နယ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာသူနှင့် အခကြေးငွေယူပို့ဆောင်သူ ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့တွင် သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် တိုက်ကြီးမြို့နယ် တာဂွကျေးရွာလသာ ယာဉ်စစ်ဆေး ရေးဂိတ် တွင် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အငှားယာဉ်တစ်စီးကို တိုက်ကြီးမြို့ မရဲစခန်းမှ ဒုရဲအုပ် မင်းအောင်နှင့်အဖွဲ့က စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် စစ်တွေမြို့နေ သိန်းရွှေ(ခ)မာမက် ရော်ဖိတ်(၁၉ နှစ်)နှင့် မောင်တောမြို့နယ်နေ ဇာနည်အောင်(၂၇ နှစ်)တို့ ၂ ဦးကို မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။ သိန်းရွှေ(ခ)မာမက်ရော်ဖိတ် ကိုစစ်ဆေးရာ အထောက်အထားမဲ့ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေးသိရ၍ ဆက်လက်စစ်ဆေးခဲ့သည်။
၄င်းကို စစ်ဆေးချက်အရ ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း စောင့်နေသည့် နားနား (စိစစ်ဆဲ) ထံသို့ ဇာနည်အောင်မှ ငွေကျပ် ၁၈ သိန်းရယူကာ စက်တင်ဘာ ၁ ရက်နေ့တွင် စစ်တွေမြို့မှ ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ကြောင်း၊ ပဒန်းမြို့သို့ ည ၁၀ နာရီခန့် တွင် ရောက်ရှိ ညအိပ်ခဲ့ပြီး ထိုမှတစ်ဆင့် တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက်ရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ဆိုင်ကယ်ကိုထားခဲ့ပြီး အငှားယာဉ်ဖြင့် ရန်ကုန် ပြည်လမ်းအတိုင်း မောင်းနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
တိုက်ကြီးမြို့မရဲစခန်းက(ပ)၇၇၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇/၃၇၀ အရ အမှုဖွင့် အရေးယူခဲ့ပြီး သိန်းရွှေ(ခ)မာမက်ရော်ဖိတ်ကို တိုက်ကြီးမြို့နယ်လဝကရုံးသို့ လွှဲပြောင်းခဲ့ပြီး လဝကဥပဒေပုဒ်မ ၆(၂)/၆(၃) အရ အမှုဖွင့်တရားစွဲဆိုရန် စီစဉ်လျက်ရှိသည်။

















