မူဆယ်မြို့ နမ့်ပေါ်တံတား ပြည်ထောင်စုလမ်းဘေးတွင် ကုန်တင်ကား ၃ စီးဖြင့် တင်ဆောင်မောင်းနှင် လာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ သိန်း ၇,၂၉၀ တန်ဖိုးခန့်ကို သက်ဆိုင်ရာက သြဂုတ် ၃၁ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
မူးယစ်တပ်ဖွဲ့စု (၂၂ )မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ် ၃၀ ရက်နေ့ ည ၁၁ နာရီ ခွဲအချိန်ခန့်က မူဆယ်မြို့ နမ့်ပေါ်တံတား ပြည်ထောင်စုလမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသည့် နစ်ဆန်း၁၂ ဘီးကုန်တင်ယာဉ် ၃ စီးကိုဖမ်းမိ စစ်ဆေးရာမှ ကွင်းဆက်အမှုများ ဖော်ထုတ်နိုင်ခဲ့သည်။
သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည့် နစ်ဆန်းယာဉ် ၃ စီးအပါအဝင် ကွင်းဆက်ဖမ်းဆီးခဲ့သည့် နစ်ဆန်း ၄ စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အီသိုင်းအီသာ ၂၆,ဝ၀ဝ လီတာ၊ ကဖင်း ၂,၁၀ဝ ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ၂၇,ဝ၀ဝ လီတာ၊ အက်စီတုံး ၁၇,ဝ၀ဝ လီတာ နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။
ထိုသို့သိမ်းဆည်းမှုနှင့်အတူ နစ်ဆန်း ၁၂ ဘီးကုန်တင်ယာဉ် ၇ စီးနှင့် ISUZU BIGHORN တစ်စီး တို့ကိုသိမ်းဆည်းရမိခဲ့သည်။ ထိန်းချုပ်ဓာတုပစ္စည်းများကို တင်ဆောင်မောင်းနှင်သူနှင့်ရှေ့ပြေး ဆောင်ရွက်သူ မူဆယ်မြို့နေ ရဲမင်း(ခ)ရဲမင်းနိုင်(၂၈)နှစ်၊ စိုင်းမြင့်ဦး(၂၅)နှစ်၊ဝေဖြိုးကျော်(၂၄)နှစ်၊ သီဟ (၃၄)နှစ်၊ သန်းဝင်းထွန်း(၂၀)နှစ်၊အောင်သိုက်(၃၅)နှစ်၊နန်းဝင်း(၃၁)နှစ်၊ အောင်ကိုလင်း (၃၅) နှစ်၊ကျော်စွာဝင်း(၃၂)နှစ်၊အိုက်ခေး(၁၈)နှစ်၊ရန်နိုင်ဝင်း(၂၄)နှစ်တို့ကို သက်သေခံပစ္စည်းများနှင့်တူ ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ကို မူးယစ်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ထို့ပြင် အမှုဖြင့်တိမ်းရှောင်နေသူ နိုင်ဇော်ဦး(စုံစမ်းဆဲ)ကို စစ်ဆေးနိုင်ရန် စုံစမ်းလျက်ရှိသည်။

















