၂၄ နာရီဖွင့်သည့် စတိုးဆိုင်အတွင်းဝင်ရောက်၍ ခြိမ်းခြောက်ငွေတောင်းသူကို ဖမ်းဆီး

၂၄ နာရီဖွင့်သည့် စတိုးဆိုင်အတွင်းဝင်ရောက်၍ ခြိမ်းခြောက်ငွေတောင်းသူကို ဖမ်းဆီး

တောင်ဥက္ကလာပမြို့နယ်ရှိ ၂၄ နာရီဖွင့်လှစ်သည့် စတိုးဆိုင်မှ ငွေကျပ် ၇ သိန်းခွဲကျော်ကို ခြိမ်းခြောက်တောင်းယူသူကို သက်ဆိုင်ရာက ယနေ့ (စက်တင်ဘာလ ၃ ရက်နေ့) တွင်ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၂ ရက်နေ့ သန်းခေါင်းကျော် နံနက် ၁၂ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်၊ ပါရမီကားဝင်းရှေ့ စတိုးတစ်ခု၏ ညအရောင်းဝန်ထမ်း ၂ ဦးက အရောင်းကောင်တာ၌ ငွေရေတွက်နေစဉ် အမည်မသိ အမျိုးသား(၃)ဦးရောက်ရှိလာပြီး “အရက် သောက် ချင်တယ်၊ ပိုက်ဆံပေး”ဟုပြောကာ ကောင်တာအတွင်းမှ ငွေကျပ်(၇၇၁,၄၀ဝ)ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ၄င်းတို့ထဲမှတစ်ဦးက အရောင်းဝန်ထမ်းလူငယ်ကို ဓားဖြင့်ခြိမ်းခြောက်၍ “မင်းကိုလည်းသိတယ်၊ မင်းနေ တဲ့နေရာ ကိုလည်းသိတယ်၊ အော်ရင် သတ်ပစ်မယ်” ဟုပြောကာ ၄င်းတို့ ၃ ဦးဆိုင်အတွင်းမှ ပြေးထွက်သွားသောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
တောင်ဥက္ကလာပမြို့မရဲစခန်းက(ပ)၁၀၂၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ သက်ဆိုင်ရာမှ ဆိုင်အတွင်း တပ်ဆင်ထားသည့် စီစီတီဗီမှတ်တမ်းများအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ တောင်ဥက္ကလာပမြို့နယ်နေ ဖိုးလပြည့်(ခ)ချီးပု (၂၀)နှစ်ကို နံနက် ၃ နာရီ ၅၅ မိနစ်အချိန် ပါရမီလမ်းနှင့် ဝေဇယန္တာ မီးပွိုင့်အနီးဖမ်းဆီးရမိခဲ့သည်။ ၄င်းထံမှ SKY WAY KTV ဆိုင်၏ ကျသင့်ငွေစုစုပေါင်း(၅၃၀၂၅)ကျပ်ပါ ဘောက်ချာ(၂)ရွက်၊ ငွေစက္ကူ ရောရာ (၄၄၀ဝ၀)ကျပ်တို့ကို ဖမ်းဆီးစဉ် သိမ်းဆည်းခဲ့သည်။ ၄င်းကိုစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်နေ ကျော်မင်း ထွန်း(၂၅)နှစ်၊တောင်ဥက္ကလာပမြို့နယ်နေသော်ဦးဇင်(ခ)တရုတ်လေး(၂၆)နှစ်တို့ပါဝင်ကြောင်း သိရသဖြင့် ဆက်လက် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။