နိုဝင်ဘာတွင် ကျင်းပမည့် ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာတွင် ခြေစမ်းပွဲတစ်ပွဲကစားရန် စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ထုတ်ဖော်ပြောဆိုသည်။
ပျက်ပြယ်ခဲ့
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆူဇူကီးပြိုင်ပွဲအတိုင်မီ စက်တင်ဘာနှင့် အောက်တိုဘာတို့တွင် ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲသုံးပွဲ ကစားရန် စီစဉ်ထားခဲ့သည်။ သို့သော် စက်တင်ဘာတွင် ကစားမည့် ခြေစမ်းပွဲမှာ ပျက်ပြယ်ခဲ့ပြီး အောက်တိုဘာတွင် ကစားမည့် ခြေစမ်းပွဲနှစ်ပွဲသာ အတည်ပြုခဲ့ကြောင်း သိရသည်။ "မြန်မာနေရှင်နယ်လိဂ်က ဒီလ ၁၁ ရက်မှာ ပြန်ကစားတော့မှာဖြစ်လို့ ကစားသမားတွေကို ကလပ်အသင်းတွေဆီပြန်လွှတ်ရတော့မယ်။ ပြီတော့ အာရှအားကစားပြိုင်ပွဲကိုလည်း ကစားခဲ့တယ်ဆိုတော့ စက်တင်ဘာမှာ ခြေစမ်းပွဲမကစားဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု ဦးဘုန်းနိုင်ဇော်က ရှင်းပြခဲ့သည်။
ပြောင်းရွှေ့
မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာတွင် ကစားမည့်ခြေစမ်းပွဲ ပျက်ပြယ်ခဲ့သော်လည်း အောက်တိုဘာတွင် အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်အသင်းတို့နှင့် ခြေစမ်းကစားမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲနှစ်ပွဲအနက်မှ အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲကို အောက်တိုဘာ ၉ရက်တွင် ကစားရန် ကနဦးသဘောတူညီထားခဲ့သော်လည်း အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်၏ တောင်းဆိုချက်အရ အောက်တိုဘာ ၁၀ရက်သို့ ပြောင်းရွှေ့ခဲ့ရသည်ဟု အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းပြောဆိုချက်အရ သိရသည်။
လက်ခံကစား
မြန်မာအသင်းသည် အင်ဒိုနီးရှားနှင့်ခြေစမ်းပွဲကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောက်တိုဘာ ၁၄ရက်တွင် ယှဉ်ပြိုင်ရမည့် အာဖဂန်နစ္စတန်အသင်းနှင့် ခြေစမ်းပွဲကို သုဝဏ္ဏကွင်း၌ လက်ခံကစားမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲနှစ်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ကာတာနိုင်ငံသို့ သွားရောက်ကာ လေ့ကျင့်ခြေစမ်းမည်ဖြစ်ပြီး ယင်းနိုင်ငံတွင် ခြေစမ်းပွဲ နှစ်ပွဲ(သို့မဟုတ်) သုံးပွဲကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ လေ့ကျင့်ပြင်ဆင်မှုများကို အောက်တိုဘာ ပထမအပတ်တွင် စတင်မည်ဖြစ်ပြီး သြဂုတ်လက ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲဝင် ယူ-၂၃အသင်းမှ ကစားသမားအများစု ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိနေသည်။
ကျင်းပမည်
ဆူဇူကီးပြိုင်ပွဲကို နိုဝင်ဘာ ၈ရက်မှ ဒီဇင်ဘာ ၁၅ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ကွင်း၌ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်အသင်းများကို လက်ခံကစားရမည်ဖြစ်ပြီး အဝေးကွင်းတွင် မလေးရှား၊လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။















