တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် CFA အသက် ၂၁ နှစ်အောက် နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်း၏ ပွဲစဉ်များကို ရုပ်သံမှ ထုတ်လွှင့်ပြသမည်မဟုတ်ကြောင်း သိရသည်။
ပြသမည်မဟုတ်
မြန်မာယူ-၂၁အသင်းသည် ပွဲဦးထွက်အဖြစ် စက်တင်ဘာ ၄ ရက် မြန်မာစံတော်ချိန် ည ၆နာရီ ၅ မိနစ်တွင် အိမ်ရှင်တရုတ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရုပ်သံမှထုတ်လွှင့်မပြသခြင်းနှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက " ဒီပြိုင်ပွဲက ကျွန်တော်တို့အတွက် ရလဒ်ပိုင်းထက် အတွေ့အကြုံရရေးကို အဓိကထားပြီး ပြိုင်တဲ့ပွဲပါ။ ရုပ်သံကနေတိုက်ရိုက်ပြသလို့ အစီအစဉ်မရှိပါဘူ။ အွန်လိုင်းကလည်း ပြသမှာမဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။
မြန်မာယူ-၂၁အသင်းသည် ဒုတိယပွဲအဖြစ် စက်တင်ဘာ ၆ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် ဥဇဘက်ကစ္စတန်၊ တတိယပွဲအဖြစ် စက်တင်ဘာ ၈ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲတွင် တာဂျစ်ကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။















