တွံတေးတူးမြောင်းအတွင်း ရပ်ထားသည့် ရေယာဉ်ပေါ်သို့ စက်တင်ဘာ ၄ ရက်တွင် တက်ရောက် လုယက်သူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ဓားဖြင့်ခုခံသဖြင့် သေနတ်နှင့် ပစ်ခတ် ဖမ်းဆီးရာမှ လုယက်သူ၂ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါနေ့ ညသန်းခေါင်ကျော် ၁၂ နာရီ ခွဲအချိန် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ တွံတေးတူးမြောင်းအတွင်း ရပ်ထားသည့် ရေယာဉ်များပေါ်သို့ တက်ရောက် လုယက်မှုများ ကျူးလွန်နေကြောင်း သတင်းအရဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းထိုက် ဦးစီးတပ်ဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မြတ်ပုဝါကျောက် သင်္ဘောအနီးသို့ လူ(၃)ဦးစီးလာသော စက်လှေ(၁)စီး ချဉ်းကပ်လာပြီး ဓားရှည်ကိုင်ဆောင်ထားသူ နှစ်ဦးက သင်္ဘောပေါ်သို့တက်ရောက်ခဲ့သည်။
ရေယာဉ်ပေါ်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနသည့် ရဲအုပ် ဇော်မင်းထိုက်က ဓားကိုအောက်သို့ချ၍ အဖမ်းခံရန်ပြောစဉ် တစ်ဦးက ဒုရဲအုပ် ဇော်မင်းထိုက်ကို ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့ရာ ဒုရဲအုပ် ဇော်မင်းထိုက်က ၎င်းကိုင်ဆောင်ထားသော ဒသမ 38 ဗို့ ခြောက်လုံးပြူးသေနတ်ဖြင့်လည်းကောင်း၊ ရဲတပ်သား မြတ်သူနှင့် ရဲတပ်သားအောင်ပိုင်ဖြိုး တို့က MA 13 သေနတ်ဖြင့် လည်းကောင်း ပစ်ခတ်ဖမ်းဆီးရာ ဓားဖြင့်ဝင်ရောက်ခုတ်သူ နှစ်ဦးမှာ သေနတ်ထိမှန်၍ စက်လှေပေါ်သို့ ပြုတ်ကျသေဆုံးသွားပြီး စက်လှေပေါ်၌ ကျန်ရှိသူတစ်ဦးမှာ ရေထဲခုန်ချထွက်ပြေးခဲ့သည်။
ယင်းသို့ ဓားဖြင့်ဝင်ရောက်ခုတ်သဖြင့် ဒုရဲအုပ် ဇော်မင်းထိုက် ၏ယာနားထင်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ကာ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပြီးသေဆုံးသူနှစ်ဦးကို ဆေးရုံသို့ ပို့အပ်၍ အသေးစိတ်စစ်ဆေးလျက်ရှိကာ ဖြစ်စဉ်အတွင်း ခုန်ချထွက်ပြေးသွားသူကို ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်းကနဦးသတင်းရရှိသည်။



















