မန္တလေးမြို့အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ ၄ ဦးကို စိတ်ကြွဆေးပြား ၄ သောင်းကျော်နှင့်အတူ ဖမ်းဆီးအရေးယူခဲ့ကြောင်း စက်တင်ဘာ ၄ ရက်နေ့က မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၁၈)နှင့်၊ အောင်ပင်လယ် နယ်မြေရဲစခန်းမှနယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် တန်ဖိုးနည်းအိမ်ရာ၊ ၄၆x၄၇ လမ်းကြား၊ သံလမ်းနှင့် စံပယ်လမ်းကြားအနီး မူးယစ်သတင်းအရ မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါအိမ်ရာနေ အိသန္တာကျော်(ခ)ဖြူစင်အိ (၂၁ နှစ်)ကို စစ်ဆေးခဲ့သည်။ ၎င်းကိုင်ဆောင်ထားသည့် ဆေးလိပ်ဗူးခွံအတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းခဲ့သည်။၄င်းကို စစ်မေးချက်အရ အဆိုပါဆေးပြားများမှာ တစ်ခန်းတည်းနေ ပြည့်ဖြိုးအောင် မှ ရောင်းချခိုင်းသည့် ဆေးပြားများဖြစ်ကြောင်းသိရှိရသဖြင့် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ပြည့်ဖြိုးအောင်(ခ) ကိုပြည့် (၃၅ နှစ်)ကို ၄င်းတို့နေထိုင်ရာ တိုက်ခန်းမှ ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးစဉ် ပြည့်ဖြိုးအောင်(ခ)ကိုပြည့် နှင့်အတူ မူဆယ်မြို့နေ ချမ်းမြေ့သူ(ခ)ဖိုးချမ်း (၃၃ နှစ်)ကို အခန်းအတွင်း စိတ်ကြွဆေး ၂၈၅ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ကျပ် ၁၁၉၀ဝ၀ နှင့်လက်ကိုင်ဖုန်း ၄ လုံးကို သိမ်းဆည်းရမိခဲ့သည်။ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်ကို သက်ဆိုင်ရာက ဆက်လက် စစ်မေးရာ မူးယစ်ဆေးဝါးများကို ၎င်း၏ညီမ မသက်သက်ဖြိုး (ခ)မသက် (၃၂ နှစ်) နေထိုင်သည့် သင်ပန်းကုန်းရပ်ကွက်နေအိမ်၌ သိမ်းဆည်းထားကြောင်း ပေါ်ပေါက်သဖြင့် အဆိုပါနေအိမ်ကို ဆက်လက်ရှာဖွေခဲ့သည်။ နေအိမ်အခန်းအတွင်း ခုတင်အောက်၌ ကြွပ်ကြွပ်အိတ်အနက်ရောင်အတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသော စိတ်ကြွဆေးပြား ၄၁၂၀ဝ ပြားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ ၄ ဦးကို မူးယစ်ဆေးဝါးဥပဒေအရ အသီးသီးအမှုဖွင့် အရေးယူထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန် ၂၅ ရက်နေ့မှ သြဂုတ် ၂၄ ရက်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှု ၈၇ မှုရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၁၃၉ ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

















