ရန်ကုန် - ရေတာရှည်ဘူတာမှ ဆွာဘူတာအထိ တပ်မတော်မှ ဘတ်စကား ၁၆ စီးဖြင့် အခမဲ့ပြေးဆွဲပေးနေ

ရန်ကုန် - ရေတာရှည်ဘူတာမှ ဆွာဘူတာအထိ တပ်မတော်မှ ဘတ်စကား ၁၆ စီးဖြင့် အခမဲ့ပြေးဆွဲပေးနေ

လက်ရှိအချိန်၌ ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ၁၁ဆန် ၊ ၁၂အစုန်ရထားနှင့် ၃ အဆန် ၊ ၄အစုန်ရထားများမှ ခရီးသည်များကို ရေတာရှည်ဘူတာမှ ဆွာဘူတာအထိ တပ်မတော်မှ ဘတ်စကား ၁၆ စီးဖြင့် အခမဲ့ပြေးဆွဲနေကြောင်း မြန်မာ့မီးရထားရုံးချုပ်(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၄ ရက်က ပြောသည်။ 

" တပ်မတော်ကနေပြီး အသွားအပြန် ဘတ်စကား ၁၆ စီးနဲ့ အခမဲ့အကူအညီ ပြေးဆွဲပေးနေတာပါ။ လမ်းပိုင်းဆိုင်ရာမကောင်းမချင်းမပွင့်မချင်း ပြေးဆွဲပေးသွားမှာပါ။ လမ်းပိုင်းကတော့ နောက် ၂ ရက် ၃ရက်နေရင်ပွင့်တော့မယ်။ ရာသီဥတုပေါ်မူတည်တယ် ။ရာသီဥတုကောင်းရင်တော့ ၂ ရက် ၃ ရက်နေရင်ပွင့်မှာပါ " ဟု ၎င်းက ပြောသည်။ 
ပဲခူးတိုင်းဒေသကြီးဆွာမြို့တွင်ဆည်ရေတမံကျိုးပေါက်မှုကြောင့် အမြန်လမ်းနှင့်ရထားလမ်းရေကျော်ပြီး လမ်းပိုင်းဆိုင်ရာပျက်စီးသွား၍ ရန်ကုန် - နေပြည်တော် - မန္တလေး ရထားများကို သြဂုတ် ၂၉ ရက်က ယာယီရပ်နားထားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ထို့သို့ရပ်နားထားပြီးနောက် ခရီးသည်များအဆင်ပြေစေရန်အတွက် ရန်ကုန် - မန္တလေး ၁၁ အဆန် ရထားဖြင့် ရန်ကုန်မှ ရေတာရှည်ဘူတာသို့ပို့ဆောင်ပြီး ရေတာရှည်ဘူတာမှတစ်ဆင့် ဆွာဘူတာအထိ တပ်မတော်မှ ဘတ်စကားဖြင့် အခမဲ့ပြေးဆွဲပေးနေခြင်းဖြစ်ကာ ၁၂ အစုန်မန္တလေးရထားဖြင့် မန္တလေးဘူတာအထိ ပြန်လည်ပြေးဆွဲပေးနေကြောင်း သိရသည်။ 
အလားတူ စက်တင်ဘာ ၂ရက် ည ၁၀နာရီမှ စတင်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၃) အဆန်အမြန်ရထားနှင့် အမှတ် (၄)အစုန်အမြန်ရထားများကို ခရီးသွားပြည်သူများ သွားလာမှု အဆင် ပြေစေရေးအတွက် ထပ်မံ၍ တိုးချဲပြေးဆွဲပေးနေကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။ အစုန်/အဆန်အထူးရထား ရပ်တန့်ပေးမည့်ဘူတာများမှာ ရန်ကုန်နှင့်တောင်ငူကြားရှိ တိုးကြောင်ကလေး ၊ ပဲခူး ၊ ဒိုက်ဦး၊ ပြွန်တန်ဆာ ၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ကျောက်တံခါး ၊ ပဲနွယ်ကုန်း ၊ ကညွတ်ကွင်း၊ ဖြူး ၊ ဇေယျ ဝတီဘူတာတို့ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင်ရန်ကုန် - မန္တလေး လမ်းပိုင်းကို ဂျိုက်ကာအကူအညီဖြင့် ပြုပြင်သွားမည်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး