ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် တွံတေးတူးမြောင်းအတွင်း လုယက်သူများကို နှိမ် နင်းရာမှ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသည့် ဒုရဲအုပ်ဇော်မင်းထိုက်အား ရန်ကုန်မြို့ တော်ဝန်ဦး မောင်မောင်စိုးနှင့်လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းတို့က ငွေကျပ် ဆယ်သိန်း ထောက်ပံ့ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ တော်ဝန်ဦးမောင်မောင်စိုး၏ လူမူကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ဆိပ်ကြီးခနောင်တိုဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသော ဒုရဲအုပ်ဇော်မင်းထိုက်အား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် ငွေကျပ်ဆယ်သိန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စွမ်းစွမ်းတမံဆောင်ရွက်မှုကို ချီးကျူးစကားပြောကြားခဲဲ့ကာ ဆေးရုံအတွင်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်တွေ့ဆုံပြီး မြို့အတွက်လိုအပ်သည့် တင်ပြချက်များကို မှတ်တမ်းယူခဲ့သည်ဟု ဆိုသည်။
လုယက်မှု ဖြစ်စဉ်မှာ ဆိပ်ကြီးခနောင်တိုမြို့နယ် တွံတေးတူးမြောင်းအတွင်း ရပ်နားထားသော ရေယာဉ်များပေါ် မကြာခဏတက်ရောက်လုယက်မှုများ ဖြစ်ပေါ်နေသည်ဟု သတင်းအရ ဆိပ်ကြီး ခနောင်တိုမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းထိုက်နှင့်တပ်ဖွဲ့ဝင်(၄)ဦးသည် ခနောင်တို အရှေ့ရပ်ကွက်၊ ရာအိမ်မှူးဦးအောင်ကျော်မိုးအပါအဝင်(၁၀)ဦးတို့နှင့် ဦးစံသိန်းကျောက်ကြီးကွင်းအနီး ကျောက်ချရပ်နားထားသည့် မြပုဝါစက်လှေပေါ်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် အမည်မသိလူ(၃)ဦး စီးလာသော ဘောက်တူစက်လှေတစ်စီးက မြပုဝါကျောက်တင် သင်္ဘောပေါ်သို့ ဓါးရှည်များကိုင်ပြီး တက်ရောက်လာစဉ် ဒုရဲအုပ်ဇော်မင်းထိုက်က လက်နက်များချရန်ပြောကြားရာ ဓါးရှည်ကိုင်သူ(၂)ဦးက ဓါးဖြင့်ပြေးဝင်ခုတ်ရာ ဒုရဲအုပ်ဇော်မင်းထိုက်၏ နဖူးယာဘက်တွင် ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဒုရဲအုပ်ဇော်မင်းထိုက်က ၃၈ဗို့ ခြောက်လုံးပြူးဖြင့် ပြန်လည်ပစ်ခတ်ပြီး ရဲတပ်သားမြတ်သူ နှင့်ရဲတပ်သားအောင်ပိုင်ဖြိုးတို့ကလည်း ၎င်းတို့ကိုင်ဆောင်ထားသော သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ရာ ဓါးကိုင်သူ(၂)ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်။ ကျန်တစ်ဦးမှာ ရေထဲသို့ ခုန်ချထွက်ပြေးသွားသဖြင့် မနရ(ဆိပ်တို)ရဲမှူးခင်မောင်ဦး ဦးစီးအဖွဲ့က ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းကာ လွတ်မြောက်နေသူ(၁)ဦးကို လိုက်လံစုံစမ်းဖော်ထုတ်လျက်ရှိသည်။
ဒဏ်ရာရရှိခဲ့သူ ဒုရဲအုပ်ဇော်မင်းထိုက်မှာ လက်ရှိတွင် စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်းလည်း သိရသည်။
















