မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ရှိနေသည့် ဆည် /တမံများအနက် ဆည် / တမံ ၅၇ ခု တွင် စက်တင်ဘာ ၄ ရက်က သတ်မှတ်ရေပြည့်အမှတ်ကို ကျော်နေပြီး ထူးခြားရေဝင်ရေထွက် ဖြစ်ပေါ်နေကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ထိုကဲ့သို့ ရေပိုလွှဲမှ ရေကျော်ရခြင်းကြောင့် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်ရခြင်းသည် ဆည် / တမံများ၏ ရေသိုလှောင်မှုပမာဏ ပြည့်မီသွားခြင်းကြောင့် ပိုလျှံသောရေကို ရေပိုလွှဲမှတစ်ဆင့် မူလချောင်းထဲသို့ ပြန်လည်ထုတ်လွှတ်စီးဝင်ရခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနမှ သိရသည်။
ထို့ပြင် မမျှော်မှန်းနိုင်သော သဘာဝဘေးမှအပ ဆည်မှ ကြိုတင်သတင်းထုတ်ပြန်ခြင်းမပြုဘဲ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တည်ရှိနေသည့် ဆည် /တမံများမှ အကြောင်းမဲ့ရေဖောက်ချခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ၊ ဆည်တမံများ၏ လုံခြုံမှုအတွက် တာဝန်ရှိသူများက အချိန်ပြည့် တာဝန်ယူဆောင်ရွက်နေကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စက်တင်ဘာ ၄ ရက်အထိ သတ်မှတ်ရေကန်ပြည့်အမှတ် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျသည့် ဆည်/ တမံ ၅၇ ခုမှာ နေပြည်တော်ရှိ ရေလှောင်တမံ ၂ ခု ၊ ကရင်ပြည်နယ်ရှိ ရေလှောင်တမံ ၁ ခု ၊ ချင်းပြည်နယ်ရှိ ရေလှောင်တမံ ၂ ခု ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေလှောင်တမံ ၄ ခု ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) ခြမ်းရှိ ရေလှောင်တမံ ၁၁ ခု ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) ခြမ်းရှိရေလှောင်တမံ ၉ ခု ၊ မကွေးတိုင်းဒေသကြီးရှိရေလှောင်တမံ ၁၀ ခု ၊ မွန်ပြည်နယ်တွင် ရေလှောင်တမံ ၁ ခု ၊ ရခိုင်ပြည်နယ်တွင် ရေလှောင်တမံ ၈ ခု ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရေလှောင်တမံ ၅ ခု ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိရေလှောင်တမံ ၂ ခု နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရေလှောင်တမံ ၂ ခု တို့ရေကျော်နေကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
















