လာမည့်ရာသီ၌ ကလပ်အသင်းနည်းပြချုပ်များ ပရိုလိုင်စင်ရှိသူများဖြစ်ရမည်

လာမည့်ရာသီ၌ ကလပ်အသင်းနည်းပြချုပ်များ ပရိုလိုင်စင်ရှိသူများဖြစ်ရမည်

၂၀၁၉ခုနှစ်ဘောလုံးရာသီမှစ၍ အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများရှိ နည်းပြများသည် ပရိုလိုင်စင်ရှိမှ ကလပ်အသင်းများကို ကိုင်တွယ်ခွင့်ရတော့မည်ဖြစ်၍ ပြည်တွင်းမှ နည်းပြများအနေဖြင့် ပရိုလိုင်စင်ရရှိသည့်အထိ ကြိုးစားကြရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အေအက်ဖ်စီ အေလိုင်စင် သင်တန်းဖွင့်ပွဲအခမ်းအနား၌ တိုက်တွန်းခဲ့သည်။

ကျင်းပ

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သော အေအက်ဖ်စီ အေ လိုင်စင်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၄ ရက် နံနက် ၉နာရီက ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ အေအက်ဖ်စီ မှ သင်တန်းနည်းပြ ဖိလစ်ပိုင်နိုင်ငံသား မစ္စတာ မာရိုမာလွန်မာနိုစ့်နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

တိုက်တွန်း

အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက “အေအက်ဖ်စီ အေလိုင်စင်ဆိုတာ အာရှမှာ အဆင့်မြင့်လိုင်စင်တစ်ခုဖြစ်ပါတယ်။ နောက်နှစ်ဆိုရင် အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံတွေမှာ နည်းပြတွေက ပရိုလိုင်စင် လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေနဲ့ ပရိုလိုင်စင်သင်တန်းကို ဖွင့်နိုင်ဖို့အထိ ကြိုးစားနေပါတယ်။ နည်းပြတွေအနေနဲ့လည်း ပရိုလိုင်စင် ရရှိတဲ့အထိ ဆက်လက်ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောဆိုခဲ့သည်။

တက်ရောက်လျက်ရှိ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ ဖွင့်လှစ်နေသည့် အေအက်ဖ်စီ အေလိုင်စင်သင်တန်းကို စက်တင်ဘာ ၄ ရက်မှ ၃၀ ထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းတွင် မြန်မာလက်ရွေးစင်ကစားသမားဟောင်းများ၊ ကလပ်အသင်းနည်းပြများ၊ လူငယ်လက်ရွေးစင်အသင်းနည်းပြများ၊ အားကစားနှင့် ကာယပညာသိပ္ပံမှ နည်းပြများ အပါအဝင် ပြည်တွင်းမှ ၂၃ ဦးနှင့် သြစတြေးလျကလပ် ပါရာမတ်တအက်ဖ်စီ မှ နည်းပြတစ်ဦးတို့ တက်ရောက်လျက်ရှိသည်။

ယခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်း၁၂သင်းအနက် ရှမ်းယူနိုက်တက်တစ်သင်းတည်းသာ ပရိုလိုင်စင်ရနည်းပြချုပ်ကို ခန့်အပ်ထားပြီး ကျန်သည့် ကလပ်၁၁သင်းမှာ ပရိုလိုင်စင်မရသေးသည့် ပြည်တွင်းနည်းပြများကို နည်းပြချုပ်အဖြစ်ခန့်အပ်ထားသည်။ ထို့ကြောင့် လာမည့်ရာသီတွင် နေရှင်နယ်လိဂ်ကလပ်အသင်း ၁၂သင်းစလုံး၌ ပရိုလိုင်စင်ရ နိုင်ငံခြားသားနည်းပြများကို ခန့်အပ်ရန် အလားအလား များလျက်ရှိနေသည်။
 



ဖတ်ရှုမှုအများဆုံး