စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Invitational Friendship Tournament Singapore 2018 ကရာတေးဖိတ်ခေါ်ပြိုင်ပွဲသို့ နိုင်ငံတကာ ကရာတေးအဖွဲ့အစည်း(မြန်မာ)မှ တာဝန်ခံဆရာကြီး ဦးမင်းလွင် ဦးဆောင်သည့် မြန်မာကရာတေးအဖွဲ့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဦးဆောင်
အဆိုပါပြိုင်ပွဲကို စင်ကာပူနိုင်ငံရှိ Tampines Safar Multi Purpose Hall တွင် စက်တင်ဘာ ၈ရက် နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကို အိမ်ရှင်စင်ကာပူအသင်းအပါအဝင်၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပြိုင်ပွဲဝင် ကစားသမား ၂၀ဝကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဆရာကြီးဦးမင်းလွင်ဦးဆောင်ပြီး အုပ်ချုပ်သူ မစ္စတာဆူနာဒါ၊ နည်းပြချုပ် ဦးထွန်းထွန်းလင်းအပါအဝင် နည်းပြလေးဦး၊ ဒိုင်နှစ်ဦး၊ ကစားသမား၁၈ဦး သွားရောက်မည်ဖြစ်သည်။ အဆိုပါကစားသမား ၁၈ဦးမှာ ကချင်ပြည်နယ်မှ ကရာတေးကစားသမား ၁၅ဦး ၊မန္တလေးမှ တစ်ဦး၊ရန်ကုန်မှ နှစ်ဦးတို့ဖြစ်ကြသည်။
လိုက်ပါမည်
မြန်မာကရာတေးအဖွဲ့သည် ၂၀၁၆ခုနှစ်ကလည်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ဖိတ်ခေါ်ပြိုင်ပွဲ၌ ကစားသမား ၁၀ဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် ဘူရှီဒိုစိတ်ဓာတ်ဆုရရှိခဲ့သည့် ဖိုးသော်လည်း ယခုစင်ကာပူဖိတ်ခေါ်ပြိုင်ပွဲသို့ လိုက်ပါမည်ဖြစ်သည်။ မြန်မာကရာတေးအဖွဲ့သည် စင်ကာပူနိုင်ငံသို့ စက်တင်ဘာ ၇ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး ၈ ရက်နေ့တွင် ပြိုင်ပွဲယှဉ်ပြိုင်မည်ဖြစ်ကာ ၉ရက်နေ့တွင် စုပေါင်းအထွေထွေလေ့ကျင့်ရေး ပြုလုပ်ကြမည်ဖြစ်သည်။















