မိုင်းရယ်မြို့တွင် ထိန်းချုပ်ဓာတုပစ္စည်းများတင်ဆောင်လာသည့် ၂၂ ဘီးကုန်တင်ယာဉ် ၂ စီးကိုဖမ်းမိ

မိုင်းရယ်မြို့တွင် ထိန်းချုပ်ဓာတုပစ္စည်းများတင်ဆောင်လာသည့် ၂၂ ဘီးကုန်တင်ယာဉ် ၂ စီးကိုဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ထိန်းချုပ်ဓာတုပစ္စည်းများတင်ဆောင်လာသည့် ၂၂ ဘီးကုန်တင်ယာဉ် ၂ စီးကို သက်ဆိုင်ရာက စက်တင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မိုင်းရယ်မြို့နယ် နားလီကျေးရွာတွင် ထိန်းချုပ်ဓာတုပစ္စည်း များသယ်ဆောင်လာကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု(၂၃)တန့်ယန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လှမြင့်(၄၈)နှစ်၊ လင်းအောင်(၄၁)နှစ်နှင့် ကျော်ဦး(၅၁)နှစ်တို့မောင်းနှင် လိုက်ပါ လာသည့် HYUNDAI (၂၂)ဘီးယာဉ်နှင့် ဇော်ဇော်(၃၉)နှစ်၊ ကျော်မင်းထွန်း(၂၀)နှစ်တို့မောင်းနှင် လိုက်ပါလာသည့် SINOTERUK (၂၂)ဘီးယာဉ်တို့ကိုရပ်တန့်စစ်ဆေးခဲ့သည်။ 
အဆိုပါ ၂၂ ဘီးကုန်တင်ယာဉ် ၂စီးပေါ်တွင် ဟိုက်ဒရိုကလိုရစ်အက်စစ် ၃,၂၄၀ လီတာ၊ အီသိုင်း အီသာ ၁၅,၈၄၀ လီတာ၊ ကဖင်း ၂၂၅ ကီလို၊ ဘွိုင်လာအိုး ၅ လုံး၊ ပြွန်ပိုက် ၄ လုံး၊ မော်တာ ၄ လုံးနှင့် လက်ကိုင်ဖုန်း ၅ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်စုံစမ်းချက်အရ အဆိုပါယာဉ် ၂ စီးကို လမ်းရှင်း လိုက်ပေးသည့် အိုက်ခေး(ခ)ကွမ်းခေး(၂၀ နှစ်)ကိုဆက်လက်ဖမ်းဆီးခဲ့ပြီး ၄င်းမောင်းနှင်သည့် ပါဂျဲရိုးယာဉ်ပေါ်မှ ငွေကျပ် ၃၀ သိန်းကို သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ကို သက်ဆိုင်ရာက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။