မြဝတီမြို့နယ်တွင် ကျပ် ၃၈၈ သိန်းတန်ဖိုးရှိ ရွှေထည်နှင့်ငွေများခိုးယူခဲ့သည်ဆိုသူကို သက်ဆိုင်ရာက စက်တင်ဘာ ၅ ရက်တွင်ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ မြဝတီမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ် လမ်းနေ တိုင်တန်းသူသည် နေအိမ်တွင် သားဖြစ်သူကိုအိမ်စောင့် အဖြစ်ထား၍ သြဂုတ် ၂၈ ရက် နံနက် ၈နာရီအချိန်ခန့်တွင် အလုပ်ကိစ္စဖြင့် ခရီးသွားခဲ့သည်။
ထိုသို့အစောင့်ထားစဉ် အိပ်ခန်းအတွင်း ထားသည့် သံဗီရိုအံဆွဲတစ်ခုမှာ အိပ်ခန်းကုတင်ပေါ်သို့ ရောက်ရှိနေပြီး နေအိမ်အတွင်းရှိပစ္စည်းများ ခြေရာလက်ရာမပျက်ရှိနေသည်ကို တွေ့ရကြောင်း သားဖြစ်သူက အကြောင်းကြားခဲ့သောကြောင့် စက်တင်ဘာ ၂ ရက် ည ၈နာရီခွဲအချိန်ခန့်တွင် ခရီးမှပြန်လာခဲ့ပြီး နေအိမ်အတွင်း စစ်ဆေးရာ သော့ခတ်ထားသည့် အံဆွဲအတွင်းမှ ရွှေထည်ပစ္စည်း ၃၂ မျိုးနှင့် ကျပ် ၁၁ သိန်း စုစုပေါင်းကျပ် ၃၈၈ သိန်းခန့်ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် မြဝတီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။
မြဝတီမြို့မရဲစခန်းက (ပ)၇၃၅/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်ကာ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်အောင်ချမ်းမွန်တို့ဦးစီးသည့်အဖွဲ့က စုံစမ်းခဲ့သည်။ သက်ဆိုင်ရာက စုံစမ်းနေစဉ် ခိုးယူခံရသည့်ရွှေထည်ပစ္စည်းများ အနက် အင်းပုံရွှေလော့ကပ်ကို မြဝတီမြို့နယ် ၃ ရပ်ကွက်ရှိအပေါင် ဆိုင်တစ်ခုတွင် လာရောက်ပေါင်နှံထားကြောင်း သတင်းအရ စက်တင်ဘာ ၅ ရက်တွင် ရဲအုပ် အောင်ချမ်းမွန်ဦးစီးအဖွဲ့က ပစ္စည်းပိုင်ရှင်ကိုပြသခဲ့ရာ ၄င်းပစ္စည်းဖြစ်ကြောင်းသိရသဖြင့် အပေါင်ဆိုင် ရှိ စီစီတီဗီ မှတ်တမ်းကို စစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ ပစ္စည်းလာရောက်ပေါင်နှံသူမှာ အခင်းဖြစ်ရပ်ကွက်နေ ကျော်မောင်မောင်လွင် (၂၃ နှစ်) ဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြဝတီ-မယ်ထော်သလေးကားလမ်းပေါ်တွင် ကျော်မောင်မောင်လွင်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၄င်းဝတ်ဆင်ထားသည့် ဘောင်းဘီခါးကြားမှ လက်ကိုင် အိတ်အသေး ဖြင့်ထည့် ထားသော ရွှေထည်ပစ္စည်း ၂၃ မျိုးကို ရှာဖွေတွေ့ရှိခဲ့ကာ ဆက်လက်စစ်ဆေးလျက်ရှိသည်။

















