ရန်ကုန်- သန်လျင်တံတားပေါ်တွင် ကားမီးလောင်မှုဖြစ် ထိခိုက်ဒဏ်ရာရသူမရှိ တံတားကြံ့ခိုင်မှု ညတွင်းချင်း စစ်ဆေး

ရန်ကုန်- သန်လျင်တံတားပေါ်တွင် ကားမီးလောင်မှုဖြစ် ထိခိုက်ဒဏ်ရာရသူမရှိ တံတားကြံ့ခိုင်မှု ညတွင်းချင်း စစ်ဆေး

စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီ ခွဲအချိန်ခန့်က ရန်ကုန်-သန်လျင်တံတားအမှတ်(၁)၊ တိုင်အမှတ် P-17နှင့် P-18 ကြား ယာဉ်သွားလမ်းပေါ်တွင် Belta ခဲရောင် အိမ်စီးအမျိုးစားယာဉ် ဝါယာရှောခ့်ဖြစ်ကာ မီးလောင်ခဲ့ပြီး အဆိုပါတံတားအမှတ်(၁)၏ တံတားကြံ့ခိုင်မှုကို သက်ဆိုင်ရာက ညတွင်းချင်း စစ်ဆေးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်တွင် သတင်း ထုတ် ပြန်ခဲ့သည်။

မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၃ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၇ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားသည့် ယာဉ်ကို တံတားပေါ်မှဖယ်ရှားနိုင်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားစဉ် ယာဉ်လမ်းကြော ၃ နာရီ နီးပါးခန့် ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

"လူ ဒဏ်ရာမရဘူး။ ဆုံးရှုံးမှု တန်ဖိုးက ယာဉ်တစ်စီးတန်ဖိုးပါပဲ"ဟု သာကေတနယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်ပွားသည့်နေရာအား ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းနိုင်ရန်အတွက် တောင်ပိုင်းခရိုင် ၊တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၁) နှင့် အရည် အသွေးထိန်းသိမ်းရေးဌာနခွဲတို့မှ စစ်ဆေးခဲ့ပြီး စစ်ဆေးတိုင်းတာချက်များအရ မီးအပူရှိန်ကြောင့် ယာဉ်အရည် ပျော်ကျကာ တံတား၏ယာဉ်သွားလမ်းပေါ်တွင် မျက်နှာပြင် အနည်းငယ်ပွန်းပဲ့၍ အပေါ်ယံလမ်းမျက်နှာပြင် အလျား၅ ပေ အနံ ၄ပေ ခန့် ပွန်းသွားခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် ဘေးသံပေါင်နှင့်ယာဉ်သွားလမ်းကြားတွင် Guard Rail ခံနေသည့်အတွက် သံပေါင် ထိခိုက်မှုမရှိဘဲ စစ်ဆေးချက်အရ သတ်မှတ်အရည်အသွေးပြည့်မီပြီး ထိခိုက်ပျက်စီးမှုမရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲပိုင်းကလည်း သန်လျင်တံတားရေလယ်တိုင်အမှတ် ၈နှင့်၉ အကြား ပလက်စတစ်ပစ္စည်းများတင်ဆောင်လာသည့် လိုက်ထရပ်ယာဉ်တစ်စီး ဝါယာရှောခ့်ဖြစ် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။